ဂီတနဲ့စာပေပေါင်းစပ်ထားတယ်ဆိုတဲ့ ရသကဖေး ဖွင့်လှစ်

.

ရန်ကုန်   သြဂုတ် ၁၂ ။           ။ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နဲ့ စာပေယဉ်ကျေးမှုသစ်တစ်ခုကို ဖန်တီးပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ရသကဖေးဆိုတဲ့ နေရာသစ်တစ်ခုကို Pen Myanmar အဖွဲ့က ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းဈေးလမ်းအနီးမှာ သြဂုတ်လ ၁၁ ရက်နေ့က စတင် ဖွင့်လှစ် လိုက်တာဖြစ်ပါတယ်။

" ရသကဖေးဆိုတာ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ကို မြှင့်တင်တဲ့အခါမှာ ပလက်ဖောင်းတွေ အများကြီး လိုတယ်။ အဲဒီအတွက် ကျွန်မတို့က လွှတ်တော်ထဲမှာလည်း အလုပ်ရုံဆွေးနွေးပွဲတွေ သွားလုပ်တယ်။ လူထုထဲမှာလည်း ရသအစုံအဆန်ဆိုပြီး လုပ်တယ်။ နောက်တစ်ခုက လူငယ်တွေ ဆွဲဆောင်နိုင်မယ့် အနုပညာအခင်းအကျင်းတစ်ခုလည်း လုပ်ပေးချင်လို့၊ သစ်လွင်တဲ့ စာပေယဉ်ကျေးမှုသစ် တစ်ခုကို ဖန်တီးပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ရသကဖေးကို စီစဉ်ဖြစ်တာပါ" လို့ Pen Myanmar အဖွဲ့ရဲ့ ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာမ မသီတာ(စမ်းချောင်း)က ပြောပါတယ်။

ရသကဖေး မိတ်ဆက်တဲ့အခမ်းအနားမှာ အဆိုတော်ထူးအိမ်သင်ရဲ့သီချင်းတွေနဲ့ ကဗျာတွေ ပေါင်းစပ် ရွတ်ဆိုခဲ့ကြပါတယ်။

" ထူးအိမ်သင်ဆိုတာလည်း အားလုံးသိတဲ့အတိုင်းပဲ၊ ဂီတသမားလို့ပြောလို့ရသလို ကဗျာဆရာလို့လည်း ပြောလို့ရနေတယ်။ အဲဒီတော့ သူနဲ့တိုက်ဆိုင်တဲ့ သြဂုတ်လလည်းဖြစ်နေတော့ သူဆုံးတဲ့ နှစ်ပတ်လည်နဲ့လည်း နီးကပ်နေတော့ အမှတ်တရ လုပ်ဖြစ်တာပါ။ နောင်မှာလည်း အခါအားလျော်စွာ စပ်ဆက်နေတဲ့ အနုပညာနယ်ပယ်ကသူတွေကို အမှတ်တရအနေနဲ့လည်း ရသကဖေးကို စီစဉ်ဖို့ ရှိ ပါတယ်" လို့ Pen Myanmar အဖွဲ့ရဲ့ ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာမ မသီတာ(စမ်းချောင်း) က ပြောပါတယ်။

ရသကဖေးမှာ စာပေနဲ့ဂီတမြတ်နိုးသူတိုင်း ကဗျာဝိုင်း၊စာပေ၀ိုင်းတွေ နှီးနှောဖလှယ်ခွင့်ရမယ့်အပြင် ကော်ဖီလည်း သောက်သုံးနိုင်မှာဖြစ်ပါတယ်။ ရသစာပေမိတ်ဆက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နေဘုန်းလတ်၊ ကဗျာဆရာစောဝေနဲ့ စာပေနဲ့ဂီတမြတ်နိုးသူတွေ တက် ရောက်ခဲ့ကြပါတယ်။

Pen Myanmar အနေနဲ့ ဒီလို ရသကဖေးတွေကို ထပ်မံပြုလုပ်သွားမယ့်အပြင် အစုအဖွဲ့ချင်းစီအလိုက် ရသကဖေးတွေ ဖွင့်လှစ်မယ်ဆိုရင်လည်း ကူညီပေးသွားမယ်လို့ သိရပါတယ်။