NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

လာမည့် ၂၀၂၀ အတွက် ရည်ရွယ်ပြီး ကချင် ၄ ပါတီ ပူးပေါင်း၍ ပါတီသစ် ထူထောင်

.

Photo-EPA

ရန်ကုန်၊ သြဂုတ် ၁၂ ။          ။ လာမည့် ၂၀၂၀ အတွက် ရည်ရွယ်ကာ ကချင်ပါတီများ ပိုမိုအားကောင်းစေရန် ကချင် ၄ ပါတီ ပူးပေါင်းပြီး KSP အမည်ဖြင့် ပါတီအသစ်တစ်ခုကို ထူထောင်သွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)နှင့် စည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ် (UDPKS) ပါတီ ၄ ခုတို့မှ၎င်းတို့ပါတီ များကို လုံးဝဖျက်သိမ်းပြီး ကချင်ပြည်နယ်ပါတီ KSP ဟူသော ပါတီသစ်ဖြင့်သာ နိုင်ငံရေး လုပ်ဆောင်သွားရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

“ အဓိက ကချင်ပြည်သူတွေကလည်း ကချင်ပါတီကို အင်အားကြီးခိုင်းစေချင်တယ်လေ။ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကချင်ပါတီတွေကို နိုင်ခိုင်းစေချင်တဲ့အတွက်ကြောင့် ကျွန်တော်တို့လည်း အဲ့အတွက် ကြိုးစားတာပေါ့” ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ အတွင်းရေးမှူး ဦးဂျီလန်းယော် က ပြောသည်။

လတ်တလောတွင် ကချင်ပြည်နယ်ပါတီ (KSP) ဟူသော နာမည်ကို သတ်မှတ်နိုင်ခဲ့ပြီး ပါတီအလံကိုလည်း အတည်ပြုပြီးဖြစ်ကြောင်းလည်း ၄င်း ကဆိုသည်။

ပါတီ အလံကို “အနီ-အဖြူ-မိုးပြာ ပေါ် အစိမ်းရောင်ကချင်ပြည်နယ်ပုံ”  ဖြင့် သဘာတူညီထားကြပြီး အခြား ကချင်ပါတီများ ပူးပေါင်းလိုပါကလည်း လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။ နောက်ပိုင်းတွင် ကချင်ပြည်နယ် ပါတီ (KSP) ၏ ဗဟိုကော်မတီဝင်များကိုရွေးချယ်သွားမည်ဖြစ်ပြီး ပါတီ မှတ်ပုံတင်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးဂျီလန်းယော်က ပြောသည်။

ကချင်လူထုတိုက်တွန်းမှုဖြင့် လုပ်ဆောင်ခဲ့သည့် ကချင်ပြည်နယ်ပါတီ (Kachin State Party) ဟူသော နာမည်နှင့် ၄င်း၏ အလံ၊ တံဆိပ် အားလုံးကို သြဂုတ်လ ၁၁ ရက်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။