စပိန်လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီလို့ ဘာစီလိုနာနောက်ခံလူ ပီကေး အတည်ပြု

.

(ဓာတ်ပုံ - AFP, EPA)

ဘာစီလိုနာအသင်းရဲ့ စပိန်နောက်ခံလူ ဂျရတ်ပီကေးဟာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗဟိုနောက်ခံလူဟာ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အကြား စပိန်အသင်းအတွက် ပွဲပေါင်း ၁၀၂ ပွဲ ကစားပေးခဲ့ပြီး ၅ ဂိုး သွင်းယူခဲ့ပါတယ်။

သူဟာ စပိန်အသင်းရဲ့ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ၂၀၁၂ ယူရိုချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ အသင်းမှာ ပါဝင်ခဲ့သူပါ။

ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်ကို စပိန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရပေမယ့် ပီကေးဟာ စပိန်အသင်းနဲ့ ဘယ်တော့မှ ကစားပေးတော့မှာ မဟုတ်ကြောင်း စနေနေ့က ပြောဆိုသွားပါတယ်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်က အင်းနရစ်နဲ့ ကျနော် စကားပြောပြီးပါပြီ။ သူ ကျနော်ဆီ ဖုန်ဆက်ခဲ့ပါတယ်။ အချိန်အတော်ကြာကတည်းက သေချာစဉ်းစားခဲ့ပြီး ဆုံးဖြတ်ထားတာကို သူ့ကို ပြောပြခဲ့ပါတယ်။”လို့ ပီကေးက ပြောပါတယ်။

စပိန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့်မှာ အိမ်ရှင် ရုရှားအသင်းကို ပင်နယ်တီမှာ ရှုံးနိမ့်ခဲ့အပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ပြီးနောက် ပီကေးဟာ လက်ရွေးစင်အဖြစ်မှ အနားယူမယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် ချက်ချင်း ဆုံးဖြတ်ချက် မချခဲ့ပဲ ယခုအချိန်မှပဲ အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“နိုင်ငံအသင်းနဲ့အတူ လှပတဲ့ အချိန်ကောင်းတွေ ကျနော် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါက ကမ္ဘာ့ဖလားနဲ့ ယူရိုဆုဖလားတွေ ဆွတ်ခူးနိုင်မယ့် အခွင့်အရေးကောင်းတွေရခဲ့လို့ပါ။ အခုတော့ ကျနော်အနေနဲ့ ဘာကာအသင်းအတွက် အာရုံစိုက်ပေးရမယ့် အချိန်ဖြစ်ပါတယ်။”လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သူဟာ ကက်တလန်ဒေသ လွတ်လပ်ရေးဆန္ဒခံယူပွဲကို ထောက်ခံသူဖြစ်တာကြောင့် သူပါဝင်ခဲ့တဲ့ စပိန်အသင်းပွဲစဉ်တွေမှာ မကြာခဏဆိုသလို စပိန်ပရိသတ်တွေက လှောင်ပြောင်အော်ဟစ်ခြင်းနဲ့ ဝီစီမှုတ်ခြင်းများ ပြုလုပ်ခဲရလေ့ရှိပါတယ်။

Ref; BBC, EFE-EPA