ကုန်းဘောင်မင်းဆက် သီပေါမင်း၏ မြေးတော် ထိပ်စုဖုရားကြီး ဆေးရုံတက်ကုသ

.

သမီးဖြစ်သူ ဒေါ်ဒေ၀ီခင်နှင့်အတူတွေ့ရသော ထိပ်စုဖုရားကြီး။ ဓာတ်ပုံ-ဒေါ်ဒေ၀ီခင်

သြဂုတ် ၁၁ ။          ။ ကုန်းဘောင်မင်းဆက်ဖြစ်သော သီပေါမင်း၏ မြေးတော် ထိပ်စုဖုရားကြီး ကျန်းမာရေးချို့ယွင်း၍ ဆေးရုံ တက်ရောက်ကုသနေရကြောင်း သိရသည်။

“ မေမေ "ထိပ်စုဖုရားကြီး"မှနေ့လည်ပိုင်းတွင် သွေးချို ကျပြီး သတိလစ်သွားပါ၍ Prof:Dr Khin Thandar Aye လာရောက်ကြည့်ရှုပေးပြီး ဆေးရုံတင်ရန်လိုအပ်ပါသဖြင့် Lakaber ဆေးရုံသို့ လူမှုကူညီရေးအသင်း(ရန်ကုန်) Ambulance ဖြင့် ပို့ဆောင်တင်ထားရပါသည်။ မမThandar နှင့် လူ/ကူအသင်း (ရန်ကုန်) အား မေမေ့ကိုယ်စားကျေးဇူးတင်ပါသည်” ဟု သမီးဖြစ်သူ ဒေါ်ဒေ၀ီခင်က က လူမှုကွန်ရက်တွင် သြဂုတ်လ ၁၁ ရက်က ရေးသားထားသည်။

ထိပ်စုဖုရားကြီးသည် မန္တလေး မြနန်းစံကျော်ရွှေနန်းတော်တွင် ကုန်းဘောင်ဆက်မောင်နှမများ စီစဉ်ကျင်းပ သည့် သက်တော်ဝါတော်ကြီးသော ဆွေတော်မျိုးတော်များကန်တော့ပွဲ ကန်တော့ခံတစ်ဦးလည်း ဖြစ်သည်။

“ လက်ရှိ ဆွေတော်မျိုးတော်တွေထဲမှာ မင်းတုန်းမင်းတြားကြီး မြစ်တော်၊ သီပေါမင်းတြားရဲ့ မြေးတော် အဖြစ် သက်တော် အကြီးဆုံးဖြစ်ပါတယ်။ ဖွားဖွားမေ အမြန်ဆုံး ပြန်လည် သက်သာဖို့ ဆုမွန်တောင်းရပါတယ်။ ဖွားမေ ကျန်းမာရေး မကောင်းဖြစ်နေတာတော့ အတော်ကြာပါပြီ။ မကြာသေးမီက ဖွားမေဆီ ကန်တော့ရောက်ခဲ့ပါသေး တယ်။ အဲဒီတုန်းကတော့ အနည်းငယ် ပြန်လည် ကျန်းမာလို့ စကားပြောခဲ့ရပါသေးတယ်” ဟုကုန်းဘောင်ဆက်  မောင်နှမများမှ  မင်းတုန်းမင်း၏ တီတော် ထိပ်တင်အောင်က  မဇ္ဈိမသို့ ပြောသည်။

ထိပ်စုဖုရားကြီးသည် မင်းတုန်းမင်း၏ မြစ် ၊သီပေါမင်း၏ မြေးတော်စပ်သူ ဖြစ်ပြီး သီပေါမင်း၏ စတုတ္တသမီးတော် (အသျှင်ထိပ်စုမြတ်ဖုရားကလေး ) နှင့် ဦးကိုကိုနိုင်တို့၏ ဒုတိယမြောက်သမီးဖြစ်ကာ သက်တော် ၉၆ နှစ်ရှိပြီ ဖြစ်သည်။

သီပေါရှင်ဘုရင်နှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့၏ မြေးတော်များမှာ တော်ဘုရားကြီး(ကွယ်လွန်)၊ ထိပ်စုဖုရားကြီး ၊ တော်ဘုရား၊  တော်ဘုရားငယ်(ကွယ်လွန်) ၊ တော်ဘုရားလေး(ကွယ်လွန်)၊ ထိပ်စုဖုရားထွေး (ကွယ်လွန်) တို့ဖြစ်ကြပြီး ထိပ်စုဖုရားကြီး နှင့် တော်ဘုရားတို့ ၂ ဦးသာ သက်ရှိထင်ရှား ရှိနေခြင်း ဖြစ်သည်။