NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာမှာကို ဟိန္ဒူဘာသာဝင်များ စိုးရိမ်နေ

.

ဓာတ်ပုံ - သူရ

စစ်တွေ၊ သြဂုတ်လ ၁၁ ရက်။                   ။ ARSA အကြမ်းဖက်မှုများ ထပ်မံတိုက်ခိုက်လာနိုင်သည်ဆိုသော သတင်းများကြောင့် ဟိန္ဒူဒုက္ခသည်များ အနေဖြင့် ထိတ်လန့်နေကြကြောင်း ယာယီကယ်ဆယ်ရေးစခန်းများတွင် တည်းခိုနေကြသည့် ဟိန္ဒူ ဘာသာဝင်များက ပြောသည်။

ဟိန္ဒူဒုက္ခသည် ဦးနီမောလ်က “အင်အားလည်း နည်းတယ်။ ကျနော်တို့ ဟိန္ဒူဘာသာထဲမှာ လက်နက်ကိုင် အဖွဲ့အစည်းလည်း ရှိတာမဟုတ်။ ဒါကြောင့် ပထမလို ကျနော်တို့ ခံစားရဦးမလားဆိုပြီး တစ်ယောက်နဲ့ တစ်ယောက်တိုင်ပင်ကြတယ်။ ဟိန္ဒူတွေက ရခိုင်သားနဲ့ ပေါင်းနေတယ်။ အစိုးရနဲ့ ပေါင်းနေတယ်။ ဘာလုပ်မယ်။ ညာလုပ်မယ်ဆိုပြီး အွန်လိုင်းက ဗီဒီယိုဖိုင်တွေ မြင်ဖူးတာတွေ ရှိတယ်။ ဒီလို ကောလဟာလတွေ ကြားရင်းနဲ့ ကျနော်တို့ ကြောက်နေမိတယ်။” ဟု ဆိုသည်။

နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်များအရ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၇ခုနှစ်၊ ဇွန်လအထိ သေဆုံးသူ စုစုပေါင်း ၃၈ ဦး ရှိခဲ့သည်။

၂၀၁၇ခုနှစ်၊ သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးသူ တစ်ရာ့ခြောက်ဆယ်ကျော် ရှိလာကာ ရာနဲ့ ချီသော ဟိန္ဒူဘာသာဝင်များမှာ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများတွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ် ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည့်အတွက် ယခုနှစ်တွင်လည်း ပြန်လည် တိုက်ခိုက်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ထိုသို့သော လှုံ့ဆော်မှုများမှာ လူမူကွန်ယက် စာမျက်နှာများတွင်သာမက မြေပြင်အနေအထားတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခြင်းကြောင့် အကြမ်းဖက်မှု ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသော ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှ တိုင်းရင်းသားများ အပါအဝင် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြခြင်း ဖြစ်သည်။

“ကောင်းကောင်း မအိပ်ရ။ သွားစရာရှိလို့ မသွားရ။ လမ်းခရီးမှာ အန္ဒရာယ်ကြုံရနိုင်တယ်။ အဲဒီလို ကျနော်တို့ အချိန်နဲ့အမျှ စိုးရိမ်နေရတယ်။” ဟု မောင်တောမြို့ ရပ်ကွက် (၄) မှ ဒေသခံ ဦးမောင်ဝင်းသိန်းက ပြောသည်။

တိုင်းပြည်တစ်ခုအား အခြားလူမျိုးစုတစ်ခုမှ တိုက်ခိုက်ခြင်းသည် ခံရသည့်ဘက်မှ အားနည်းချက်များကို သိရှိထားခြင်းကြောင့်ဟု သုံးသပ်ပြီး ယခင်က တိုက်ခိုက်မှုများကို သင်ခန်းစာယူကာ နယ်စပ်ဒေသများတွင် လုံခြုံရေးကို ကောင်းမွန်စွာ ပြင်ဆင်ထားရန် အလွန်အရေးကြီးကြောင်း အစိုးရသို့ တိုက်တွန်းချက်များလည်း ရှိနေသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ထိပ်ပိုင်းခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက “နောက်တစ်ချက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အရက်သေစာ သောက်စားမှုတွေကို ရှောင်ကြဉ်ဖို့ လိုတယ်။ အဲဒါက အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တယ်။ အရင်က အဖြစ်ပျက်တွေကို ကျမတို့ လေ့လာစုံစမ်းလိုက်တဲ့ အခါမှာ တစ်ဖက်မှာ အားနည်းချက်တွေကို တွေ့ရတယ်။ အဲဒါကြောင့်လည်း ဒါကို ထည့်ပြောတာ ဖြစ်တယ်။ ဆိုရှယ်မီဒီယာတွေက ထွက်ပေါ်လာပြီဆိုရင် လုံခြုံရေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အခိုင်အမာလုပ်ဖို့ လိုအပ်တယ်ဆိုတာကို အထူးအလေးအနက် ပြောချင်တယ်။”

ARSA အကြမ်းဖက်မှု တတိယအကြိမ်အဖြစ် ထပ်မံတိုက်ခိုက်လာနိုင်သည့် သတင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင် လုံခြုံရေးတိုးမြှင့်ထားကာ လှည့်ကင်းများ၊ စောင့်ကြည့်ကင်းများလည်း အသီးသီး ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောဆိုထားသည်။

ယင်းအပြင် ရခိုင်မြောက်ပိုင်းဒေသရှိ မောင်တောအပါအဝင် ဘူးသီးတောင်နှင့် ရသေ့တောင် မြို့များတွင် ညမထွက်ရအမိန့်များ ဆက်လက် ထုတ်ပြန်ထားကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ARSA အကြမ်းဖက် တိုက်ခိုက်မှုများခံခဲ့ရသည့်အတွက် လက်ရှိအချိန်ထိ နယ်မြေတည်ငြိမ်မှုမရှိသေးဘဲ နှစ်ဖက် အသိုင်းအဝိုင်းများအား ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုတက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျှက်ရှိနေဆဲဖြစ်သည်။