သေနင်္ဂမဟာဗျူဟာအဖွဲ့၏ ရခိုင်အခြေအနေစာတမ်းအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးမှ ပယ်ချ

.

 

ရန်ကုန်၊ သြဂုတ်လ ၁၁ ။             ။  ရခိုင်ပြည်နယ်၊ အနောက်ဘက်ခြမ်းရှိ ရခိုင်ဒေသအခြေအနေမှန်အား သိရှိစေရန် သမိုင်းအထောက်အထား များပါဝင်သော စာတမ်းတစ်စောင်အား သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ပထမဆုံးအကြိမ်ပေးပို့ခဲ့ရာ ယင်းစာတမ်းအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) မှပယ်ချခဲ့ကြောင်းသိရသည်။

တရားရုံးအကူညီပေးရေးစာတမ်း (AMICUS CURIAE) ခေါ် ယင်းစာတမ်းအား သေနင်္ဂမဟာဗျူဟာလေ့လာ ရေးအဖွဲ့မှ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေးပို့ထားသည့် ရခိုင်အရေးနှင့် ပတ်သက်သည့် စာတမ်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)မှ ယင်းစာတမ်းအားပယ်ချလိုက်ကြောင်း သြဂုတ်လ ၁ဝ ရက်နေ့ ညပိုင်းတွင် ပြန်လည် အီးမေးလ်ပို့ ခဲ့ ခြင်းဖြစ်သည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက မဇ္ဈိမသို့ ပြောသည်။

“ပယ်ချလိုက်တယ်ဆိုတာကတော့ ကျွန်တော်တို့ သိရပြီပေါ့နော်။ ကျွန်တော်တို့အခု သုံးသပ်တာကတော့ ကျွန်တော်တို့ ပို့လိုက်တဲ့ အချက်အလက်ကို သူတို့လက်မခံချင်တာကိုက အဓိကလို့ ကျွန်တော်တို့က သုံးသပ်တယ်။ ဒီအချိန်မှာဘာကြောင့် ဒါကို ပယ်ချလိုက်လဲဆိုတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့ လုပ်လိုက်တဲ့ ဒေတာအချက်အလက်က မြေပြင်အချက်အလက်နဲ့ ခိုင်မာမှုအပေါ်မူတည်ပြီး လုပ်ထားတဲ့ အတွက်ကြောင့် သူတို့ ဒါကို လက်ခံလိုက်မယ်ဆိုလိုရှိရင် နောက်ပိုင်းမှာ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့ဘာမှ ကျွန်တော်တို့ကို ပြဿနာရှာလို့မရနိုင်တော့ဘူး”ဟု အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး ကပြောသည်။

ဦးသိန်းထွန်းဦးက ဆက်လက်ပြီး “ အဲ့တော့ ဆိုလိုချင်တာက ကျွန်တော်တို့ အဓိကပြောထားတဲ့ ARSA သည် အကြမ်းဖက်သမားဖြစ်တယ်ဆိုတဲ့ အချက်ပေါ့နော်။ အဲ့ဒီအချက်ကြောင့် အကြမ်းဖက်သမားကို ကူညီတယ်။ အားပေးတယ်။ အားပေးအားမြှောက်ပြုတယ်ဆိုလည်း ဒါ အကြမ်းဖက်သမားနဲ့ အတူတူဖြစ်မယ် ဆိုပြီးတော့ ဒါ နိုင်ငံတော်အနေနဲ့ကလည်း အစိုးရဘက်ကလည်း စာထုတ်ပြီးသားဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ ပြန်စဉ်း စားတဲ့အချက်ကတော့ သူတို့ဘာလို့အဲ့လိုမျိုး သက်အထောက်အထားနဲ့  ပြသတဲ့ဟာကို လက်မခံချင်တာလဲ”ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) မှပယ်ချခဲ့သည့် တရားရုံးအကူညီပေးရေးစာတမ်းတွင် အင်္ဂလိပ်ခေတ်မှ လက်ရှိချိန်ထိ ရခိုင်ပြည်နယ်ဒေသတစ်လျှောက် ဖြစ်ပွားခဲ့သည့်အကြမ်းဖက်မှုများအား အသေးစိတ်ရေးသား ဖော်ပြထားပြီး ARSA အဖွဲ့ စတင်ပေါ်ပေါက်လာပုံ၊ ARSA အဖွဲ့မှ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ် ငန်းများအကြောင်းနှင့် အစိုးရနှင့်တပ်မတော်မှ ကြုံတွေခဲ့ရသည့် အကြမ်းဖက်မှုဖြစ်စဉ်များအား ကိုင်တွယ်ဖြေ ရှင်းခဲ့ပုံတို့ကိုလည်း အသေးစိတ်ပြည့်စုံစွာ ရေးသားထားကြောင်းသိရသည်။

“ ကျွန်တော်တို့ကို ပယ်ချလိုက်တဲ့အချက်ဟာ သူတို့ဘက်က တစ်ခုခုနဲ့ အဆင်မပြေဘူး။ သူတို့က တမင်သက် သက်လုပ်တာမျိုး။ ဒါမှမဟုတ် သူတို့ရဲ့ ဥပဒေကြောင်းမှာ ဘာတွေနစ်နာချက်တွေရှိတယ်။ ဒါတွေဘယ်လိုလုပ် သွားလဲပေါ့။ ဒါတွေကို ကျွန်တော်တို့ ထပ်ပြီးလေ့လာသုံးသပ်ပါမယ်။ သုံးသပ်ပြီးတော့ ကျွန်တော်တို့က ဒါတွေ ဒီလိုဖြစ်တယ်၊ ဒီလိုလုပ်သွားတယ်ဆိုပြီး  သတင်းထပ်ထုတ်ဖို့တော့ရှိပါတယ်။ တကယ်လို့ ဒါတွေသေချာတယ် အချက်အလက်ခိုင်မာတယ်ဆိုရင်တော့ ICC ဘက်ကို ပြန်ပြီးတော့ ကန့်ကွက်စာတင်ဖို့တော့ ရှိတယ်ဗျ။ လက်ရှိ အခြေအနေကတော့ အချက်အလက်သေချာအောင် လေ့လာနေဆဲပါပဲ”ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

စာတမ်းတွင် မြန်မာနိုင်ငံအား ICC မှ တရားစွဲဆိုရန်လုပ်ဆောင်မှုများမှာ ဥပဒေအရ အကျုံးမဝင်သည့် အ ကြောင်း၊ ICC မှ မြန်မာနိုင်ငံအပေါ် စွပ်စွဲရေးသားထားသော အချက်များအား ချေပထားချက်များ၊ လက်ရှိ မြန်မာနိုင်ငံအခြေအနေနှင့် လွတ်လပ်သောအဖွဲ့အစည်းအနေဖြင့် စာတမ်းတင်သွင်းရခြင်းအကြောင်းရင်းနှင့် မိမိတို့ လွတ်လပ်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် ဆောင်ရွက်နေမှုများအကြောင်း၊ သမိုင်းအထောက် အထားများပါဝင်သည့် ဖြေရှင်းချက် ၅ ချက်နှင့်အစိုးရ၊ တပ်မတော်တို့မှ အကြမ်းဖက်မှုများအား ကိုင်တွယ် ဖြေရှင်းခဲ့သည့် အကြောင်းအရာအခြေအနေများ ပါဝင်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC)တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၄ နိုင်ငံရှိပြီး အစုအလိုက်အပြုံလိုက် သတ် ဖြတ်မှုများ၊ လူသားမဆန်သည့် ပြစ်မှုများနှင့် စစ်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ၊ နယ်မြေ ရန်စကျူးကျော်မှုများအား ကျူးလွန်လျှင် ကျူးလွန်သည့်နိုင်ငံအား ICC အနေဖြင့် တိုက်ရိုက်တရားစွဲဆိုမှုများပြုလုပ်နိုင်ကြောင်း သိရ သည်။

သို့သော်လက်ရှိတွင် မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) အဖွဲ့ဝင်နိုင်ငံမဟုတ်သေးကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ သိရသည်။