NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

မဘသ အမည်ပြောင်းထားသော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို ဖျက်သိမ်းမည်မဟုတ်

.

ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

ရန်ကုန် သြဂုတ် ၁၁ ။            ။ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ မဟနက တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း ဆုံးဖြတ်ထားသည့် မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကို ဖျက်သိမ်းသွားမည်မဟုတ်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအသင်းဥက္ကဋ္ဌဖြစ်သူ ဦးသိန်းအောင် က ပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ ကျိုက္ကစံလူထုဟစ်တိုင်ကွင်းတွင်  အမျိုးဘာသာ၊ သာသနာကာကွယ်စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို အားပေးထောက်ခံပွဲ အခမ်းအနား အား မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအသင်းမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပြီး ထိုပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

" ဥပမာပြောရရင် ဘားအံက ဇွဲကပင်ဆရာတော်ကြီးတို့ဆိုရင် ပြတ်ပြတ်သားသားကြေညာထားပြီးသား။ ဒီလိုပဲ ကျန်တဲ့ကျောင်းတွေလည်း ဟင်္သတတို့ ဘာတို့ဆိုရင်လည်း ကြေညာထားပြီးသား။ ကျွန်တော်တို့ကတော့ ဒီအဖွဲ့ကြီးကို ဆက်လက်ထိန်းသိမ်းသွားမှာပါ။" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတ အသင်းဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းအောင်က ပြောသည်။

ထို့ပြင် သက်ဆိုင်ရာမှ အင်အားသုံး၍ ဖျက်သိမ်းမည်ဆိုပါကလည်း သက်ဆိုင်ရာဦးဆောင်ပုဂ္ဂိုလ်များကို တင်ပြညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဟု   မြန်မာနိုင်ငံလုံးဆိုင်ရာဓမ္မဝံသာ နုရက္ခိတအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က ဆက်ပြောသည်။

"အတင်းအဓမ္မဖျက်သိမ်းလာမယ်ဆိုရင်လည်း သက်ဆိုင်ရာဦးဆောင်ပုဂ္ဂိုလ်တွေကို ပြန်တင်ပြမယ်။ ပြန်ညှိနှိုင်းမယ်။ အဲဒီအပေါ်က လမ်းညွှန်ချက်အပေါ်မူတည်ပြီး ဆောင်ရွက်သွားမှာပါ။ ဆိုင်းဘုတ်လည်း ဖြုတ်ဖို့အစီအစဉ်မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲကအတိုင်းပဲ လိုက်နာရမှာပဲ။ အခြေခံဥပဒေထဲမှာက အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ရှိတယ်။ " ဟု ဦးသိန်းအောင်က ဆက် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ဝရက်က ပြုလုပ်ခဲ့သည့် သတ္တမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကို တရားမဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) အဖွဲ့အားလုံး၊ အဖွဲ့ဝင်အားလုံးသည် အဖွဲ့အမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန်နှင့် မြန်မာပြည်အနှံ့အပြား စိုက်ထူထားသည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) ဆိုင်းဘုတ်များကို ၄၅ ရက် အတွင်း ဖြုတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ညွှန်ကြားချက်များကိုမလိုက်နာပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂ဝ/၉ဝ ဥပဒေဖြင့် အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် အရေးယူရန်လည်း ဆုံးဖြတ် ခဲ့သည်။ ယင်းဆုံးဖြတ်ချက်များကို သာသနာရေးဌာနကလည်း သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရများထံ လမ်းညွှန်ချက်များ ပေးပို့ထားသည်။

" ပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့က လိုအပ်သလို ဆောင်ရွက်သွားပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ မဟန ဆုံးဖြတ်ချက်ကိုတော့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းက လွှမ်းမိုးပယ်ဖျက်လို့မရဘူးလေ။ ဒါက သူတို့ သဘောပဲလေ။ ဆုံးဖြတ်ထားတဲ့ အပေါ် မလိုက်နာရင်ဘယ်လိုလုပ်မလဲဆိုတာက သက်ဆိုင်ရာ အစိုးရအဖွဲ့က ဆောင်ရွက်ပါလိမ့်မယ်။" ဟု သာသနာရေးနှင့်ဝိနိစ္ဆရဋ္ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က သြဂုတ်လ ၁၁ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို အားပေးထောက်ခံပွဲအခမ်းအနားတွင် စာရေးဆရာ ကျော်သူငြိမ်း ၊ အောင်ကျော်ဆန်း၊ အမတ်ဒိန်တို့က ဟောပြောခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှဆွေ၊ ဒေါ်ခင်ဝိုင်းကြည်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအသင်းဝင်များ လူဦးရေ ၁၀၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

၂ဝ၁၇ ခုနှစ် မေလ ၂၃ ရက်နေ့ကလည်း နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့(မဟန)သည် ယခင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့အား တရားမဝင်အဖွဲ့အစည်းဖြစ် ကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့် ၂၀၁၇ ခု နှစ် မေလ ၂၈ ရက်တွင် အင်းစိန်မြို့နယ် အောင် ဆန်းတောရ တပ်ဦးကျောင်းတွင် ညီလာခံခေါ်ယူ၍ မဘသအမည်ကို ဆက်လက် မသုံးစွဲဘဲ “ဗုဓ္ဓဓမ္မ ပရဟိတဖောင်းဒေး ရှင်း” အမည် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။