NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ရန်ကုန်တိုင်းအတွင်းရှိ မော်တော်ယာဉ်ကိစ္စရပ်များကို အွန်လိုင်းမှ ရက်ချိန်းယူ ဆောင်ရွက်နိုင်မည်

.

နိုင်ငံခြားမှ တင်သွင်းသည့် တစ်ပါတ်ရစ်ကားများကို သီလဝါဆိပ်ကမ်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်းချမ်းနိုင်၊ အီးပီအေ)

သြဂုတ် ၁၁။         ။ ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်မှတ်ပုံတင်(ယာဉ်လိုင်စင်) မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ယာဉ် မှန်/မမှန် စစ်ဆေးရက်ချိန်းရယူခြင်း၊ နှစ်လဲမှတ်ပုံတင် သက်တမ်းတိုးခြင်းများကို လာမည့် သြဂုတ်လ ၂၀ ရက်မှ စတင်ပြီး အွန်လိုင်းမှ ကြိုတင်ရက်ချိန်း ရယူဆောင်ရွက်နိုင်မည် ဟု က.ည.နမှ ထုတ်ပြန်ကြေညာသည်။

က.ည. န ၏  www.rtad.gov.mm ၀က်ဘ်ဆိုက်တွင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး  ယာဉ်စစ်ရက် ကြိုတင်စာရင်း ပေးသွင်းနိုင်မည် ဖြစ်ပြီး နေ့စဉ် ယာဉ် မှန်/မမှန် စစ်ဆေးရာတွင် ယာဉ်အစီးရေများပြားခြင်းကြောင့် ကြန့်ကြာမှု မရှိစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကိုယ်ပိုင်ယာဉ်တွေအတွက်ကတော့ အခုလို လုပ်လိုက်တာ အဆင်ပြေတယ်။ အရောင်းအ၀ယ် လုပ်တဲ့သူတွေ ကတော့ ရန်ကုန်ကသူအချင်းချင်း အရောင်းအ၀ယ်ကတော့ ပြဿနာမရှိဘူး။ နယ်က ၀ယ်တာဆိုရင် တစ်ပတ် လောက်စောင့်ရမယ့်အခါကျတော့ ကုန်ကျစရိတ်များတာပေါ့။ ချက်ချင်း မပြန်နိုင်တဲ့အခါကျတော့ အခက်အခဲတွေ ရှိတယ်လေ။ ယာဉ် မှန်၊ မမှန်စစ်တာက အရောင်းအ၀ယ်ဖြစ်တဲ့ကားတွေ လာစစ်တာ များပါတယ်” ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောသည်။

ယခင်က မော်တော်ယာဉ် မှန်၊ မှန်စစ်ဆေးရာတွင် တစ်နေကုန်အချိန်ပေး ဆောင်ရွက်နေရ၍ နှောင့်နေး ကြန့်ကြာနေခြင်းဖြစ်ပြီး ယခု စစ်ဆေးရက် ရက်ချိန်း ရယူနိုင်သောကြောင့် ကားပိုင်ရှင်များအနေဖြင့် အချိန်ကုန်သက်သာစေမည် ဖြစ်သည်။

ထို့ပြင် မော်တော်ယာဉ်မှတ်ပုံတင် မှန်ကန်ခြင်း ရှိ/မရှိ ယာဉ်စစ်ဆေးခြင်းကို နေ့စဉ်ရက်များအတွင်း နှစ်လဲ သက်တမ်းတိုးယာဉ် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးချိန် နေ့လည် ၂နာရီ နောက်ပိုင်း၊ ၂၅ ရက်နေ့ အထိ ဆောင်ရွက်ပေးမည် ဖြစ်ပြီး အနည်းဆုံး ၂ ရက်မှ ၃၀ ရက်အထိ အွန်လိုင်းမှ ကြိုတင်ရက်ချိန်း( Online Booking) ရယူနိုင်သည်။

မော်တော်ယာဉ်မှတ်ပုံတင်(ယာဉ်လိုင်စင်) စစ်ဆေးခြင်းကို ရုံးဖွင့်ရက်တစ်ရက်လျှင် တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး)တွင် ၂၅စီး၊ ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)တွင် ၃၅စီး၊ ခရိုင်ရုံး(ရန်ကုန်အနောက် ပိုင်း)တွင် ၅၀စီး၊ ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း) ၂၅စီး၊ ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)တွင် ၃၀ စီး ဆောင်ရွက်ပေး သွားမည် ဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န) အနေဖြင့် www.rtad.gov.mm ၀က်ဘ်ဆိုက်တွင် ကြိုတင်စာရင်းပေးသွင်းသည့်စနစ် (Online Booking System)ကို ဇန်န၀ါရီ ၂ ရက်မှ စတင်ပြီး နှစ်လဲမှတ်ပုံတင် သက်တမ်းတိုးမည့်ယာဉ်များကို ယာဉ်စစ်ရက်ချိန်းယူခြင်းတွင် စတင်ကျင့်သုံးခဲ့ပြီး ဖြစ်သည်။