ဝက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားတာကြောင့် ရိုမေနီးယားမှာ ၀က်ကောင်ရေ တစ်သိန်းကျော် သုတ်သင်ရှင်းလင်း

.

ဗူးခရက်၊ သြဂုတ် ၁၁ ။           ။ အာဖရိက ၀က်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားတာကြောင့် ရိုမေနီးယားမှာ ၀က်ကောင်ရေ ၁၁၀၀၀၀ ကျော်ကို ခုနှစ်ထဲမှာ  သုတ်သင်ရှင်းလင်းခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အစီရင်ခံတစ်ရပ်အရ သိရပါတယ်။

စီရင်စုပေါင်း ရှစ်ခုအနှံ့ နေရာ ၆၄၅ နေရာမှာ ဒီရောဂါပိုး ပျံ့နှံ့ဖြစ်ပွားနေကြောင်း၊ အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်တာကလည်း အလွန်နောက်ကျကြောင်း ဒီအစီရင်ခံစာမှာ စွပ်စွဲဖော်ပြထားပါတယ်။

ဝက်တွေ သေဆုံးစေရတဲ့ ဒီရောဂါ ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ ဆေးဝါးမရှိပေမယ့် လူတွေထံသို့ မကူးစက်ဘူးလို့ သိရပါတယ်။

အာဖရိက၀က်တုပ်ကွေး ရောဂါပိုးကို ၂၀၁၇ ဇူလိုင်လအတွင်းက ရိုမေးနီးယားမှာ စတင်တွေ့ရှိတယ်လို့ ဥရောပကော်မရှင် အစီရင်ခံစာတစ်ရပ်အရ သိရပါတယ်။

ဟန်ဂေရီနဲ့ ယူကရိန်နယ်စပ် ဆာတူမာရီ စီရင်စုမှာ စတင်တွေ့ရှိခြင်း ဖြစ်ပြီး ဒီနောက်ပိုင်းမှာ အရှေ့တောင်ပိုင်းကို ပျံ့နှံ့ခဲ့ရာက ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ရပါတယ်။

လာမယ့်လတွေမှာ ရောဂါပိုး ထပ်မံပျံ့နှံ့ဖွယ် ရှိတယ်လို့လည်း သတိပေးချက်တွေ ထုတ်ထားပါတယ်။

“ကျွန်တော်တို့ရဲ့ အကြီးဆုံး ပြဿနာဟာ ဒီရောဂါပိုးကို ဘာမှ ကြိုမလုပ်နိုင်တာပဲ။ ပျံ့နှံ့ဖြစ်ပွားပြီဆိုတာ သိပြီးမှပဲ အရေးတယူတုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ရတော့တယ်။”လို့ ရိုမေးနီးယား ၀က်မွေးမြူရေးအသင်း အကြီးအကဲ မာရီပါနာက ပြောပါတယ်။