NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ရီးယဲလ်ဆီ ပြောင်းရွှေ့လာတာက ‘အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာတာပါ’ ~ ကော်တိုရစ်

.

(ဓာတ်ပုံ - EPA, Real Madrid)

ဂိုးသမား ကော်တိုရစ်က ချယ်လ်ဆီးအသင်းမှ ရီးယဲလ်မက်ဒရစ်ဆီ မိမိအပြောင်းအရွှေ့ဟာ “အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာပါတယ်”လို့ ကြာသပတေးနေ့က စန်တီယာဂိုဘာနေဗျူးမှာ ပြုလုပ်တဲ့ ၎င်းရဲ့ မိတ်ဆက်ပွဲအခမ်းအနားမှာ ဖွင့်ဟပြောဆိုသွားပါတယ်။

ရီးယဲလ်အသင်းဟာ အသက် ၂၆ နှစ်ရှိ ဂိုးသမားကို ယူရို ၃၅ သန်းအပါအဝင် ကွင်းလယ်လူ ကိုဗာဆစ်ကိုပါ တစ်ရာသီအငှား အလိုက်ပေးပြီး ခေါ်ယူခဲ့တာပါ။

“ဒီကနေ့ဟာ ကျနော့်အတွက် အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာပါတယ်။ ကျနော်ဘယ်လောက် ပျော်ရွှင်နေတယ်ဆိုတာ ခင်ဗျာတို့ မှန်းဆလို့ မရနိုင်ပါဘူး။”လို့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းကို တတိယဆုရအောင် ကူညီပေးအပြီး ကမ္ဘာ့ဖလား အကောင်းဆုံး ဂိုးသမားဆုရရှိခဲ့တဲ့ ကော်တိုရစ်က ပြောပါတယ်။

“ကမ္ဘာ့အကောင်းဆုံးကလပ်ဆီ လာရတာဟာ တာဝန်ခံယူမှုနဲ့ ဂုဏ်ယူစရာတစ်ရပ်ပါ။ ကျနော်ကို ခေါ်ယူဖို့ ကြိုးပမ်းအားထုတ်မှုအတွက် ရီးယဲလ်မက်ဒရစ်ကိုရော၊ နောက်ပြီး ဒီမှာ ကစားဖို့ ခေါ်ဆောင်လာတဲ့ လူတိုင်းကို ကျေးဇူးတင်လိုပါတယ်။

“ကျနော်မှာ ရှိနေတဲ့ အစွမ်းအစကောင်းတွေကို ဆက်လက်ပြီး အသင်းအတွက် ထုတ်ဖော်သွားမှာပါ။”

ကော်တိုရစ်ဟာ သူ့ရဲ့ ၆ နှစ်သက်တမ်းရှိ စာချုပ်ကို ရီးယဲလ်ဥက္ကဌ ပီရက်ဇ်နဲ့အတူ ဘာနေဗျူးရှိ စံချိန်တင် ချန်ပီယံလိဂ်ဖလား ၁၃ လုံးအရှေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကော်တိုရစ်ဟာ ရီးယဲလ်အသင်းမှာ ၁၉၆၅-၁၉၆၇ ခုနှစ်အတွင်း ကစားခဲ့တဲ့ ဖာနန်ဒို ဂိုဗာဗတ်စ်ပြီးနောက် ရီးယဲလ်အတွက် ဒုတိယမြောက် ဘယ်လ်ဂျီယံကစားသမားဖြစ်လာပါတယ်။

ကော်တိုရစ်ဟာ ချယ်လ်ဆီးအသင်းမှ အက်သလက်တီကိုအသင်းဆီ အငှားလာရောက်ခဲ့တဲ့ ၂၀၁၁-၁၂ ဘောလုံးရာသီမှ ၂၀၁၃-၁၄ ရာသီအထိ ၃ ရာသီအတွင်း လာလီဂါချန်ပီယံဆု ၁ ကြိမ်၊ လာလီဂါအကောင်းဆုံး ဂိုးသမားဆု (ဇာမိုရာဆု) ကို ၂ ကြိမ်ရရှိခဲ့သည်။

ကော်တိုရစ်ဟာ ရီးယဲလ်အသင်းဆီ ရောက်ရှိလာတာကြောင့် ရီးယဲလ်နဲ့ အက်သလက်တီကို ၂ သင်းလုံးတွင် ကစားဖူးတဲ့ ၄၅ ဦးမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။

ကော်တိုရစ်ရဲ့ ကစားသမားဘဝမှတ်တမ်းအကျဉ်း

အမည် - သီဘတ်ကော်တိုရစ်
မွေးသက္ကရာဇ် - ၁၁-၅-၁၉၉၂ (၂၆ နှစ်)
အရပ်အမြင့် - ၆ ပေ၊ ၆ လက်မ
ပရော်ဖက်ရှင်နယ်ပွဲ - ၃၅၁ ပွဲ
ဘယ်လ်ဂျီယံအသင်းနဲ့ပွဲ - ၆၅ ပွဲ

ကစားခဲ့တဲ့ အသင်းများ 
ဂျန့် (၂၀၀၈-၂၀၁၁)
အေသလက်တီကို (၂၀၁၁-၂၀၁၄)
ချယ်လ်ဆီး (၂၀၁၄-၂၀၁၈)
ရီးယဲလ်မက်ဒရစ် (၂၀၁၈-)

ရရှိခဲ့ဖူးတဲ့ တစ်ဦးချင်းအောင်မြင်မှုများ
ဇာမိုရာဆု - ၂၀၁၃၊ ၂၀၁၄
ကမ္ဘာ့ဖလားရွှေလက်အိတ်ဆု - ၂၀၁၈
ပရီးမီးယားလိဂ် ရွှေလက်အိတ်ခု - ၂၀၁၆-၁၇
ဘယ်လ်ဂျီယံအကောင်းဆုံးကစားသမားဆု- ၂၀၁၃၊ ၂၀၁၄

Ref; AFP