NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မမှားသည့်အစိုးရဆိုတာမရှိဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

.

ရန်ကုန်  သြဂုတ်   ၉ ။                ။ မည်သည့် အစိုးရမှ မမှားသည့် အစိုးရမရှိဘဲ အမှားကို ပြင်နိုင်ဖို့သည်သာ အရေးကြီးသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာတွင် သြဂုတ် ၉ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ စကားဝိုင်းတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်။

" ဘယ်အစိုးရမှ ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်ပါဘူး။ မမှားတဲ့အစိုးရဆိုတာလည်း တစ်ခါမှမရှိ ပါဘူး။ မမှားတဲ့ရှေ့နေဆိုပေမယ့်၊ ရှေ့နေတွေထက်မှားနိုင်တာက အစိုးရတွေပါ။ အဲဒီတော့ အရေးကြီး တာက အမှားရှိရင်လည်း ပြင်နိုင်ဖို့ပဲ။ အဲဒီတော့ ကျွန်မတို့ခဏခဏပြောသလို ပြသနာရှိရင် ပြသနာက အရေးကြီးတာ မဟုတ်ဘူး။ ပြသနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ကိစ္စကပဲ အရေးကြီးတာ ဖြစ်ပါ တယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူများရွေးချယ်တင်မြှောက်ပြီး တက်လာရသည့် အစိုးရဆိုသည်မှာ  ပြည်သူပြည်သားများ ကို တာဝန်ခံရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

"ကျွန်မ ဘယ်နေရာသွားသွား၊ ပြည်သူပြည်သားတွေကို အမြဲမေးရတယ်။ ၀န်ကြီးချုပ်လိမ္မာရဲ့လားလို့၊ ကျွန်မတို့ မကွေးတိုင်းက၀န်ကြီးချုပ်တော့တော့ လိမ္မာပုံတော့ရပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေ က သိမှာပါ။ ကျွန်မတို့အစိုးရဟာ ပြည်သူပြည်သားတွေကို တာဝန်ခံရတဲ့အစိုးရပါ။ ပြည်သူတွေရွေး ချယ်တင်မြှောက်လို့ တက်လာရတဲ့အစိုးရဆိုတာ ပြည်သူပြည်သားတွေကို တာဝန်ခံရပါတယ်။ ပြည်သူ ပြည်သားတွေရဲ့ဘ၀တွေ အကောင်းဆုံးဖြစ်လာအောင် ကြိုးစားရပါတယ်။" ဟု ဒေါ်အောင်ဆန်းစု ကြည် က ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ၏ လက်ရှိကြုံတွေ့နေရသော ပြသနာနှင့်စိန်ခေါ်မှုများအတွက်လည်း အတိတ်နှင့် အနာဂတ်ကိုအာရုံမစိုက်ပဲ ပစ္စုပ္ပန်တွင် ၀ိုင်းဝန်းဆောင်ရွက်သင့်ကြောင်းလည်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

" ပစ္စုပ္ပန်ကိုတည့်တည့်ကြည့်ပါ။ အခု ကျွန်မတို့နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြသနာတွေ၊ ကျွန်မတို့ ရင် ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ  တည့်တည့်ကြည့်ပါ။ ဟိုအရင်တုန်းကဟာတွေကို အတိတ်ကို ပြန်ပြန်သွား ပြီး အတိတ်ရဲ့အကျဉ်းသားတွေလည်း မဖြစ်သင့်ဘူး။ အနာဂတ်ကိုပဲမျှော်ပြီးတော့ အခုလုပ်ရမယ့်ဟာ ကို မလုပ်ဘဲနဲ့ အနာဂတ် အနာဂတ်ဆိုပြီး မဖြစ်သေးတဲ့ကိစ္စတစ်ခုကိုပဲ အာရုံစိုက်နေလို့ မရပါဘူး။ အခု လက်ရှိလုပ်ရမယ့်ကိစ္စတွေကိုပဲ ၀ိုင်းလုပ်ကြမယ်ဆိုရင် ငြိမ်းချမ်းရေးရနိုင်ပါတယ်။" ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးစကားဝိုင်းများကို ၂၀၁၇ ခုနှစ်အတွင်း ဇန်နဝါရီလနှင့် ဧပြီလတို့တွင် နေပြည်တော်၌ ၂ ကြိမ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရှမ်းပြည်နယ် ပင်လုံမြို့တွင် ၁ ကြိမ်၊ သြဂုတ်လအတွင်းက မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာတွင် ၁ ကြိမ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့၌ ဒီဇင်ဘာ ၂၉ ရက်တွင် ၁ ကြိမ် စုစုပေါင်း ၅ ကြိမ် ကျင်းပခဲ့သည်။

ယင်းနောက် ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက်က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ၆ ကြိမ်၊ ဇွန် ၁၄ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၇ ကြိမ်ကျင်းပခဲ့ပြီး ယခုပခုက္ကူမြို့တွင်ကျင်းပခဲ့သည့် စကား ဝိုင်းသည် ၈ ကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်းဖြစ်သည်။

ဆက်လက်၍ ကရင်ပြည်နယ်၊မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် တက္ကသိုလ် ကျောင်းသားများနှင့် ငြိမ်းချမ်းရေးစကားဝိုင်းများပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။