စိတ်ကြွဆေးပြား ၉ သောင်းကျော်အပါအဝင် သေနတ်နှင့် ကျည်ဆန်များ တမူးတွင်ဖမ်းမိ

စိတ်ကြွဆေးပြား ၉ သောင်းကျော်အပါအဝင် သေနတ်နှင့် ကျည်ဆန်များ တမူးတွင်ဖမ်းမိ

ရန်ကုန်၊ သြဂုတ်လ ၈ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ထင်းဇင်ကျေးရွာနှင့် ဘုက္ကန်ကျေးရွာကြား၊ နန်စပါတံတားအနီးတွင် ကားတစ်စီးအား ရပ်တန့်စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၉ သောင်းကျော်အပါအဝင် သေနတ်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သြဂုတ်လ ၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သြဂုတ်လ ၇ ရက်၊ ညနေ ၅ နာရီ၊ ၄ဝ မိနစ် ခန့်တွင် နောင်ရိုးဆိုသူ မောင်းနှင်ပြီး စိုင်းလောဝ်ထွန်းဆိုသူ လိုက်ပါလာသည့်   မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရာမှ ယင်းမူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်၏ ဝဲဘက်ဘက်ခြမ်းရှိ အရှေ့ဘက်တူးဘောက်စ်အတွင်းမှ ခြောက်လုံးပြူးသေနတ် တစ်လက်၊ ကျည် ၄ တောင့်၊ ယာဉ်နောက်ခန်းရှိ ခရီးဆောင်အိတ်အတွင်း ကော်ပုံးနှစ်ပုံးဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၃,၅၃ဝ ပြား၊ အိုက်စ် ၅ ဒသမ ၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လက်ကိုင်ဖုန်း နှစ်လုံးနှင့် ယာဉ်ပေါ်ပါရှိသည့် မော်တော်ဆိုင်ကယ်တစ်စီး တို့ကိုလည်း သိမ်းဆည်းခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင် မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သည့် အသက် ၂၉ နှစ်အရွယ် နောင်ရိုး ဆိုသူနှင့် အသက် ၂၁ နှစ်အရွယ် စိုင်းလောဝ်ထွန်းတို့ နှစ်ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကို   ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly