အစပ်ကြိုက်သူများနှင့် ငရုတ်သီးမှို အန ္တရာယ်

အစပ်ကြိုက်သူများနှင့် ငရုတ်သီးမှို အန ္တရာယ်

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မြန်မာ့ဟင်း မြန်မာ့စားဖွယ်လို့ဆိုလိုက်တာနဲ့ ငရုတ်သီးအစပ်ဟင်းဆိုတာ လုံးဝပြေးမလွတ်ပါဘူး။ မြန်မာလူမျိုးတော်တော်များများက ငရုတ်သီး အင်မတန်ကြိုက်ကြတဲ့  လူမျိုးတွေဖြစ်ကြပါတယ်။  တစ်နေ့တစ်နေ့ ဘာဟင်းပဲချက်ချက် အနည်းဆုံး အစပ်ဟင်းလေးတစ်ခွက်ကတော့ ပါလိုက်ရမှ။ ငရုတ်သီးတောင့် ၊ ငရုတ်သီးလေးစိပ်ခွဲ၊ အလှော်မှုန့် ၊ အစိမ်းမှုန့် ၊ အရောင်တင်မှုန့်   စတာတွေကို ဆိုင်ကဝယ်စားရင်စား၊မဟုတ်ရင်လည်း  အိမ်မှာသိမ်းထားပြီး စားတတ်ကြပါတယ်။ ဒါကြောင့် နေ့စဉ်ဟင်းချက်ရာမှာမပါမဖြစ် ဖြစ်တဲ့  ငရုတ်သီးမှာ ကပ်နေတတ်တဲ့ မှိုရောဂါ အကြောင်းကိုတော့ သိထားသင့်ဖို့လိုပါတယ်။ မိသားစုတစ်စုရဲ့ ကျန်းမာရေးကို အဓိကတာဝန်ယူရတာက  မီးဖိုချောင်ဖြစ်တာကြောင့် ကျန်းမာရေးအန္တရာယ်တွေပေးနိုင်တဲ့ ငရုတ်သီးမှိုအကြောင်းနှင့် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို ဒီဆောင်းပါးလေးမှာ ဆက်လက်ဖတ်ရှုကြည့်ရအောင်။

ငရုတ်သီးမှို(Aflatoxin) ဆိုတာဘာလဲ။

ငရုတ်သီးမှို(Aflatoxin) ဆိုတာက  လူတွေကို ခြောက်လှန့်နေတဲ့ “ ကင်ဆာရောဂါ” ကို  အဓိကဖြစ်စေတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။   ငရုတ်သီးမှို(Aflatoxin)  အမျိုးအစားပေါင်း ၁၃ မျိုးရှိတဲ့အထဲမှာ  Aflatoxin B1 ကတော့အတွေ့ရ အများဆုံးဖြစ်ပါတယ်။ Aflatoxin အဆိပ်ကို Aspergillus flavus & Aspergillus parasiticus ဆိုတဲ့ မှို တွေကနေထုတ်ပါတယ်။ ကင်ဆာသုတေသနဋ္ဌာနများရဲ့ တွေ့ရှိချက်တွေအရ  Aflatoxin ကို  “အဆင့် ၁” ကင်ဆာဖြစ်စေနိုင်တဲ့ အုပ်စုမှာ ထည့်ထားပါတယ်။

ငရုတ်သီးမှို (Aflatoxin) ကို ဘယ်မှာ အများဆုံးတွေ့ရသလဲ။

ငရုတ်သီးမှို (Aflatoxin) ကို

  • ငရုတ်သီး၊
  • မြေပဲ ၊ ဆန်စပါး
  • ပြောင်းဖူး
  • အစေ့အစံများဖြစ်သော (သစ်ကြားစေ့၊ ဗန်ဒါစေ့)
  • ပဲ အမျိုးမျိုး
  • ဟင်းခတ်အမွှေးအကြိုင်များ

စတဲ့ အသီးအနှံတွေကို  အများဆုံးစားလေ့ရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံ၊ အာဖရိကနိုင်ငံတွေမှာ အများဆုံးတွေ့ရပါတယ်။ ဒီမှိုအမျိုးအစားတွေက  ပူနွေးစိုစွတ်တဲ့ နေရာတွမှာ  အများဆုံးပေါက်ပွားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ငရုတ်သီးထဲမှာ အတွေ့များပါတယ်။ ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းပြီးတော့ စနစ်တကျသေချာနေလှမ်းတာမျိုးမရှိတာ ၊ သန့်သန့်ရှင်းရှင်း မကိုင်တွယ်တာ၊ စနစ်တကျ ထုတ်ပိုးမှု မရှိတာတွေကြောင့် ဒီမှိုတွေ ပေါက်ဖွားနိုင်ပါတယ်။အခုလို မိုးတွင်း အချိန်အခါမျိုးမှာဆိုရင် ပိုတောင်   သတိထားသင့်ပါတယ်။

ငရုတ်သီးမှို (Aflatoxin)က ဘယ်လိုပုံစံဖြင့် လူတွေကို ဆိုးကျိုးပေးသလဲ။

 ငရုတ်သီးမှို (Aflatoxin) ကို အလိုလျောက် ခန္ဓာကိုယ်ကတိုက်ထုတ်ပေးမယ့် ခုခံအားစနစ်မျိုး ဘယ်သက်ရှိသတ္တဝါမှာမှမရှိပါ။  လူ့ ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်က Aflatoxin အဆိပ်ကို အချိန်အတိုင်းအတာတစ်ခုအထိတော့ ခံနိုင်ရည်ရှိပါတယ်။ မှိုရှိနေတဲ့  မြေပဲ၊ ငရုတ်သီး၊ စတဲ့အစားအစာတွေကို မသိလိုက်ဘဲ တစ်ခါတည်း အများကြီးစားသုံးမိတာကြောင့် Aflatoxin အဆိပ်မိပြီး အသည်းကင်ဆာဖြစ်လာနိုင်သလို ၊ မှိုပါဝင်နေသော  အစားအစာများအား နည်းနည်းချင်းစီ စားသုံးမိရာကနေလည်း အချိန်ကြာလာတာနှင့် အမျှ အသည်းကင်ဆာရောဂါဖြစ်လာနိုင်ပါသည်။

  • ပျို့အန်ခြင်း
  • ဗိုက်အောင့်ခြင်း
  • အဆုတ်ပတ်လည်တွင် အရည်စုခြင်း
  • ဦနှောက်တွင် အရည်အိတ်တည်ခြင်း
  • အသည်းကို အဓိက ဒုက္ခပေးခြင်း
  • နှလုံး နှင့် ကျောက်ကပ်အား ဒုက္ခပေးခြင်း
  • အသက်သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

Aflatoxin ကို တစ်ကြိမ်တည်း အများကြီး စားမိပြီး  အဆိပ်သင့်တာမျိုး  ဖြစ်စေနိုင်ပေမယ့်  ရှားပါတယ်။ သတိမပြုမိဘဲ  နည်းနည်းချင်းစီ စားမိရာကနေ အချိန်ကြာလာတာနှင့်အမျှ အသည်းကင်ဆာဖြစ်လာတာတော့ ပိုအဖြစ်များပါတယ်။ အသည်းကင်ဆာဖြစ်တာကတော့ အဆိုးဆုံးပေါ့။ Aflatoxin ကအစာခြေစနစ်ကိုလည်း   ဒုက္ခပေးနိုင်ပါသေးတယ်။

Aflatoxin အား ဘယ်လိုကာကွယ်မလဲ။

နေ့စဉ်စားသောက်နေတဲ့  အစားအစာတွေမှာ  ပါဝင်နိုင်ပြီး အသက်အန ္တရာယ်ပေးနိုင်တဲ့ Aflatoxin ငရုတ်သီးမှိုကို အစားအစာတွေမှာ ပါဝင်မှုလျော့နည်းအောင်    ကာကွယ်နိုင်တဲ့ နည်းတွေကို ပြောပြပေးချင်ပါတယ်။

မှိုတွေ ကပ်တွယ်နေခြင်းက လျော့ကျအောင်

  • ငရုတ်သီး၊ ဆန် ၊ အစေ့အစံ နှင့် ပဲများအား နေလှန်းအခြောက်ခံခြင်း
  • စိုစွတ်သောနေရာတွင် မသိမ်းဘဲ ခြောက်သွေ့သောနေရာတွင် သိမ်းခြင်း
  • စနစ်တကျ ထုတ်ပိုးထားခြင်း
  • အစားအစာများအား အချိန်အကြာကြီးထား စားသုံးခြင်းမျိုးမလုပ်ခြင်း
  • အစားအစာများအား မီးပြင်းပြင်းနှင့် ချက်ပြုတ်ခြင်းဖြင့်  မှိုမှထုတ်သောအဆိပ်ပြင်းအား လျှော့ချနိုင်ခြင်း
  • အစားအစာများအား အပင်ဖောက်၊ အချဉ်ဖောက်၍စားသုံးခြင်း
  • အသည်းကင်ဆာအားအများဆုံးဖြစ်စေနိုင်သည့်အတွက် တစ်နှစ်တစ်ခါ အသည်းအား ကျန်းမားရေစစ်ဆေးမှုအား   ပြုလုပ်ပေးခြင်း
  • အသည်းရောင် အသားဝါကာကွယ်ဆေးများထိုးထားခြင်း
  • ကျန်းမာရေးနှင့်ညီညွတ်ပြီး လတ်ဆတ်သော အသီးအနှံများအား စားသုံးခြင်း၊
  • ကင်ဆာဖြစ်စေနိုင်သော အရာများကိုဓာတ်တိုးဆန့်ကျင်စေသော ဖြည့်စွက်စာများ (ဗီတာမင် A,ဗီတာမင် C, ဗီတာမင်E) စားသုံးခြင်း
  • လေ့လာတွေ့ရှိချက်များအရ အစိမ်းရောင်ရေညှိ( ကလိုရိုဖီလ်း) သည် Aflatoxin ၏ သက်တမ်းအားလျှော့ချနိုင်သဖြင့် ကလိုရိုဖီးလ် ဆေးပြားများအား   သောက် သုံးပေးခြင်းတို့ဖြင့်

Aflatoxin အဆိပ်သင့်ခြင်းကို လျှော့ချခြင်း ၊ ကာကွယ်ခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အစပ်တော်တော်ကြိုက်တဲ့  မြန်မာလူမျိုးတွေအနေနှင့် အသည်းကို  ဒုက္ခပေးနိုင်တဲ့ ငရုတ်သီးမှို အကြောင်းကို သိထားသင့်ပြီး  ကြိုတင်ကာကွယ်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို  ပိုင်ဆိုင်နိုင်ကြပါစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly