ဂူထဲတွင် ၁၅ နှစ်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးအား တွေ့ရှိကယ်ဆယ်

ဂူထဲတွင် ၁၅ နှစ်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးအား တွေ့ရှိကယ်ဆယ်

သြဂုတ် ၈ ။            ။ အင်ဒိုနီးရှားရှိ ကျောက်ဂူတစ်ခုတွင် ၁၅ နှစ်ကြာ ပိတ်လှောင်ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က တွေ့ရှိကယ်ဆယ်ခဲ့တယ်လို့ သတင်းတစ်ရပ်အရ သိရပါတယ်။

သူမကို ဘာသာရေးဂိုဏ်းဆရာတစ်ဦးက ယင်းဂူထဲမှာ ၁၅ နှစ်ကြာ ပိတ်လှောင်ထားပြီး အမြဲလိုလို အဓမ္မပြုကျင့်နေခဲ့တာဖြစ်တယ်လို့ ရဲတွေကပြောပါတယ်။

အသက် ၂၈ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသမီး အိတ်ရှ်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အင်ဒိုနီးရှားအလယ်ပိုင်း ဆူလာဝေစီပြည်နယ်၊ ဘာဂျူကန်ရွာအနီးတစ်ဝိုက် ကျောက်ဆောင်တွေနောက်ကွယ်က ဂူထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သတင်းပေးချက်အရ အသက် ၈၃ နှစ်ရှိတဲ့ ဂျာဂိုအမည်ရ နတ်ဆရာကို ဖမ်းဆီးပြီးတဲ့နောက်ပိုင်း အိတ်ရှ်ကို ရဲတွေက လာရောက်ကယ်ဆယ်တာဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ ၁၃ နှစ်အရွယ် အိတ်ရှ် ကိုဆေးကုပေးဖို့ ၎င်းရဲ့မိသားစုဝင်တွေက နတ်ဆရာဂျာဂိုဆီ ခေါ်လာခဲ့တာဖြစ်ပါတယ်။ ဂျာဂိုဟာ ဂါထာသုံးပြီး မန်းဆေးတွေဖော်စပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ နတ်ဆရာတစ်ဦးဖြစ်ပါတယ်။ ယင်းနောက် များမကြာမီမှာပင် အိတ်ရှ်မှာ ၎င်းဆီမှ ထွက်သွားခဲ့ပြီဟု ဂျာဂိုက သူမမိသားစုကို လိမ်လည်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

အိတ်ရှ်ရဲ့မိသားစုက သူမအား လိုက်လံရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိဘဲ ယခုအခါကျမှ ဂူထဲတွင် နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရကြောင်း သိရှိခဲ့ရခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အိတ်ရှ်ဟာ ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အဆိုပါပြစ်မှု ကျူးလွန်ခဲ့တဲ့ နတ်ဆရာဂျာဂိုကတော့ ထောင်ဒဏ် ၁၅ နှစ်ကျခံရဖို့ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly