ချယ်လ်ဆီးဂိုးသမား ကော်တိုရစ် ရီးယဲလ်အသင်းဆီ ပြောင်းမှာလား?

ချယ်လ်ဆီးဂိုးသမား ကော်တိုရစ် ရီးယဲလ်အသင်းဆီ ပြောင်းမှာလား?
(ဓာတ်ပုံ - အီးပီအေ)

ချယ်လ်ဆီး ဂိုးသမား ကော်တိုရစ်ဟာ ယူရို ၃၅ သန်းဝန်ကျင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့နိုင်တယ်လို့ စပိန်မီဒီယာတစ်ခုက ဖော်ပြထားပါတယ်။

ရီးယဲလ်အသင်းနဲ့ ချိန်ဆက်နေတဲ့ ကော်တိုရစ်ဟာ တနင်္လာနေ့က ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်သို့ ပြန်လည်ပူးပေါင်းရန် သတင်းပို့ခြင်းမရှိဘဲ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အသက် ၂၆ နှစ်ရှိ ဘယ်လ်ဂျီယံဂိုးသမားဟာ ဘယ်ချိန်အသင်းဆီ လာရောက်မလဲဆိုတာ ချယ်လ်ဆီးအသင်းအနေနဲ့ မသိရှိသေးကြောင်း သိရှိထားပါတယ်။

ကော်တိုရစ်ဟာ ၂၀၁၁ ခုနှစ်က Genk အသင်းမှ ချယ်လ်ဆီးအသင်းဆီ လာရောက် ပူးပေါင်းခဲ့ပြီး ချက်ချင်းဆိုသလို အက်သလက်တီကိုအသင်းထံ ၃ ရာသီအဌားချခံခဲ့ရပါတယ်။

ချယ်လ်ဆီး တောင်ပံကစားသမား ဟာဇက်မှာလည်း ရီးယဲလ်အသင်းက ခေါ်ယူလိုနေသူဖြစ်ပေမယ့် တနင်္လာနေ့က အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ လာရောက်ပူးပေါင်းခဲ့ပါတယ်။

ကော်တိုရစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့ပြီး ဘယ်လ်ဂျီယံအသင်းဟာ တတိယနေရာလုပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။

သူဟာ ချယ်လ်ဆီးအသင်းအတွက် ၁၅၄ ပွဲကစားပေးခဲ့ရာမှာ ၅၈ ပွဲအထိ ပေးဂိုး မရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ၁၅၂ ပေးဂိုး ရှိခဲ့ပါတယ်။

သောကြာနေ့က ချယ်လ်ဆီးနည်းပြသစ် ဆာရီက ကောင်တိုရစ်အသင်းမှာ ရှိနေမယ်ဆိုတာ မသေချာဘူးလို့ ပြောဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၅ သာ ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပေမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်ယူအသင်းကို အနိုင်ယူခဲ့ပြီး အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

“လာမယ့်နှစ်မှာ ကျနော် ချယ်လ်ဆီးကစားသမားတစ်ယောက်အနေနဲ့ ရှိမရှိကို ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ သိရပါလိမ့်မယ်။”လို့ ကော်တိုရစ်က အက်ဖ်အေဖလားဆွတ်ခူးပြီးနောက်မှာ ပြောသွားခဲ့တာဖြစ်သလို ချယ်လ်ဆီးဘုတ်အဖွဲ့အနေနဲ့ အသင်းကို ရင်းနှီးမြုပ်နှံဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags