ကျွန်းစုမြို့တွင် ပိုင်ရှင်မဲ့ မီးသွေးဖောင်း လုံး ၄၀ နီးပါး သစ်တောမှ သွားရောက်ဖျက်ဆီး

ကျွန်းစုမြို့တွင် ပိုင်ရှင်မဲ့ မီးသွေးဖောင်း လုံး ၄၀ နီးပါး သစ်တောမှ သွားရောက်ဖျက်ဆီး

ကျွန်းစု၊ သြဂုတ်လ ၈ ။            ။ ကျွန်းစုမြို့၌ ဒီရေတောများကို ခိုးခုတ်၍ မီးသွေးဖုတ်လုပ်ငန်းလုပ်သည့် ပိုင်ရှင်မဲ့မီးသွေးဖောင်း (မီးသွေးဖို) အလုံး ၄၀ နီးပါး ကို သစ်တောဦးစီးဌာနမှ ပြီးခဲ့သည့် ရက်ပိုင်းက သွားရောက်ဖျက်ဆီးပစ်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး များထံမှ သိရသည်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ တောပြားကြီး ကျေးရွာအုပ်စု တုံးဗြဲကျေးရွာအနီး တဝိုက်ရှိ ချောင်းလက်တက်များတွင် ဒီရေတောများကို ခုတ်၍ မီးသွေးလုံးများ ဖုတ်နေသည့် ဖောင်း ၃၇ လုံးကို ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာနှင့် ရပ်ကျေး အုပ်ချုပ်ရေးများ၊ ရပ်မိ/ ရပ်ဖများဖြင့် သွားရောက် ဖျက်ဆီးပစ်ခဲ့သည်ဟု သိရသည်။

“ဒေသခံတွေနှင့် အုပ်ချုပ်ရေးမှူးတွေက သတင်းပေးလို့ သွားရောက် ဖျက်ဆီးပစ်တာပါ၊ ပိုင်ရှင်တွေကတော့ မတွေ့ပါဘူး၊ မီးသွေးဖောင်းအဟောင်းတွေပါ၊ ပိုင်ရှင်တွေ ရှိလား၊ မရှိဘူးလား ဆိုတာ ထပ်ပြီး၊ စစ်ဆေး နေပါတယ်”လို့ ကျွန်းစုမြို့နယ် ၊ သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးနိုင်လင်းထွန်းက ပြောသည်။

တောပြားကြီးကျေးရွာအုပ်စုအတွင်းရှိ မီးသွေးဖောင်းများကို ဇူလိုင်လ ၃၀ ရက်နေ့တွင် ၄ လုံး၊ သြဂုတ်လ ၄ ရက်နေ့မှာ ၁၅ လုံးနှင့် ၅ ရက်နေ့မှာ ၂၂ လုံးကို ကျွန်းစုမြို့နယ် သစ်တောအုပ် ဦးအောင်ကိုမျိုး ဦးဆောင်သော အဖွဲ့နှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ သွားရောက် ဖျက်ဆီးခဲ့သည်။

တုံးဗြဲကျေးရွာ အရှေ့တောင်ဘက်  ၁ မိုင် ၄ ဖာလုံခန့် အကွာ ကန်စွန်းအင်း ချောင်းဘေးရှိ မီးသွေး ဖောင်းများနှင့် တုံးဗြဲ ရှမ်းငယ် တောင်ခြေဘက်ရှိ ၆တောင်ဖောင်း ၁ ဖောင်း၊ ၅ တောင်ဖောင်း  ၅ ဖောင်း၊ ၄ တောင်ဖောင်း ၁၀ ဖောင်း၊ ၃ တောင် ဖောင်း ၁၀ ဖောင်း၊ ၂ တောင်ဖောင်း ၁၁ ဖောင်း စုစုပေါင်း ၃၇ ဖောင်းကို ဖျက်ဆီး ပစ်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထွေးထံမှ သိရ သည်။

မြိတ်ကျွန်းစုအတွင်းရှိ ဒီရေတော စိုက်ခင်းများကို တိုင်းအစိုးရမှ ခုတ်ယူ သုံးစွဲမှု တားမြင်ထားပြီး၊ ဒေသခံများ လည်း အစုအဖွဲ့ပိုင်းဖြင့် ထိန်းသိမ်းလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly