အကျဉ်းသားများ၏ အိမ်ဆောင်များနှင့် မိလ္လာစနစ်များ သန့်ရှင်းမှုမရှိဟု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

အကျဉ်းသားများ၏ အိမ်ဆောင်များနှင့် မိလ္လာစနစ်များ သန့်ရှင်းမှုမရှိဟု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
ဓာတ်ပုံ-မျိုးသူအောင်

 

 ရန်ကုန် ၊ သြဂုတ် ၈ ။            ။ အကျဉ်းသားများနေထိုင်သည့် အိမ်ဆောင်များနှင့် မိလ္လာစနစ်များ သန့်ရှင်းမှုမရှိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ သြဂုတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ဖျာပုံအကျဉ်းထောင်နှင့် ဆားမလောက် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတို့ကိုကော်မ ရှင်မှ ဇူလိုင်လ ၂၃ ရက် နေ့မှ ၂၅ ရက်နေ့အထိ သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် ယခုအကြံပြု ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

ဆားမလောက် စိုက်/မွေး စခန်းတွင် အကျဉ်းသားများ၏ အိမ်ဆောင်ကွပ်ပျစ်များ ပျက်စီးနေပြီး  မိလ္လာ စွန့်ပစ်ရန်မှာလည်း စခန်းတွင် အိမ်သာ ၂ လုံး ၊ လုပ်ငန်းခွင်တွင် ၄ လုံးသာရှိခြင်းကြောင့် လုံလောက်မှုမရှိဘဲ ထပ်မံတည်ဆောက် ပေးသင့်ကြောင်း ၊ အကျဉ်းသား အိပ်ဆောင်များသည် ရေများဝိုင်းနေသော ပတ်ဝန်းကျင် ဖြစ်သောကြောင့် ယားနာပျောက်ဆေးများ လုံလောက်စွာ ထုတ်ပေးပြီး ခြင်မကိုက်စေရေး အပတ်စဉ် ဆေးဖြန်းပေးသင့်ကြောင်း စသည်များ အကြံပြုခဲ့သည်။

 ဖျာပုံအကျဉ်းထောင်နှင့် ပတ်သက်၍ ထောင်အတွင်း၌ ယားနာဖြစ်နေသူများ များပြားနေခြင်းကြောင့် ဆေးဝါးများနှင့် လိမ်းဆေးများ ဖြည့်ဆည်းခြင်း ၊ အိပ်ဆောင်အတွင်းရှိ ဖယောင်းပုဆိုးများ ကောင်းမွန်ခြင်း မရှိသောကြောင့် အသစ်လဲလှယ်ပေးခြင်း ၊ အိပ်ဆောင်များ လေဝင်လေထွက် ကောင်းမွန်မှုမရှိခြင်း ၊ အကျဉ်းသားများ ထမင်းစားသောနေရာသည် အမိုးမရှိသဖြင့် အမိုးများ ပြုလုပ်ပေးသင့်ကြောင်း စသည့် အချက်များကို အကြံပြုခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အကျဉ်းထောင်များအတွင်းရှိ အကျဉ်း သားများလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိ၊ မရှိ ကို လိုက်လံစစ်ဆေးနေခြင်းလည်းဖြစ်သည်။

 ပြီးခဲ့သည့် ဇွန်လအတွင်း၌ မိတ္ထီလာအကျဉ်းထောင်၊ ရွှေမြယာစိုက်ပျိုးရေးမွေးမြူရေးနှင့် အတတ်သင်စခန်း၊ ဘုရားငါးဆူ ကုန်ထုတ်စခန်းတို့အား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ သွားရောက်စစ်ဆေး ခဲ့ပြီး ဇူလိုင်လ အစောပိုင်းတွင် မန္တလေးမြို့ရှိ ဗဟိုအကျဉ်းထောင်ကို သွားရောက်စစ်ဆေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly