First Global Robotics Challenge 2018 ပြိုင်ပွဲတွင် မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်မည်

First Global Robotics Challenge 2018 ပြိုင်ပွဲတွင် မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်မည်

သြဂုတ် ၇။           ။မက္ကဆီကိုနိုင်ငံတွင် ကျင်းပမည့် First Global Robotics Challenge 2018 ပြိုင်ပွဲတွင်မြန်မာနိုင်ငံ ကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဖန်တီးရာမှ Makerspace Manager ကိုထူးဝေထက် ကပြောသည်။

သြဂုတ် ၆ရက်က First Global Robotics Challengeတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကိုယ်စားပြုအသင်း တည်ဆောက်ထားသည့် စက်ရုပ်ကို ဖန်တီးရာတွင်မိတ်ဆက်ပြသခဲ့သည်။

"ပြိုင်ပွဲကတော့ ၁၅ရက်ကနေ ၁၈ရက်အထိ ၃ရက်ဆက်တိုက်ရှိမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကနေ ၁၂ရက် နေ့မှာ စတင်ထွက်ခွာမယ်။ ဂျပန်ကတစ်ဆင့် မက္ကဆီကိုမြို့ကိုသွားမယ်။ မြန်မာနိုင်ငံကို ၂၀ရက်နေ့ ပြန်ရောက် ပါမယ်။ ဒီဟာက Science Education ကိုလည်း တိုးမြင့်စေတယ်။ ဒီပြိုင်ပွဲက ထူခြားတာက Science Education ဆိုရင် ကိုယ်ဟာကိုမြန်မာနိုင်ငံမှာလုပ်လည်းရတယ်။ နိုင်ငံတကာပြိုင်ပွဲကို ဘာကြောင့် ဝင်ပြိုင်စေ ချင်လည်းဆိုတော့ တစ်ခြားနိုင်ငံက ကျောင်းသားတွေဘယ်လိုစဉ်းစားကြတယ်။ ယဉ်ကျေးမှုမတူညီတဲ့ ကျောင်း သားအချင်းချင်းစကားပြောတာမျိုး၊ အတွေးအခေါ်တွေဖလှယ်ဖို့ အဓိကထားတယ်" ဟု ကိုထူးဝေထက် က ပြောသည်။

၂၀၁၈ခုနှစ် မြန်မာကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းတွင် ကျောင်းသားကျောင်းသူ ၅ဦးပါဝင်မည်ဖြစ် ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားပြုအသင်းများနှင့် ကမ္ဘာ့တိုက်အသီးသီးကို ကိုယ်စားပြုသောအသင်းများ ပါဝင်မည်ဖြစ်ကာ အသင်းစုစုပေါင်း ၁၈၁သင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများအနေဖြင့် မိမိကိုယ်တိုင် ကြိုးစားသင်ယူလေ့လာမှှုနှင့် အသင်းလိုက်ဖွဲ့စည်းလုပ် ဆောင်မှုများရှိမှသာလျှင် နည်းပညာများကို အမီလိုက်နိုင်မည်ဖြစ်ပြီး အစိုးရအနေဖြင့်လည်း ကျောင်းသူ/ သားများ တီထွင်ဖန်တီးနိုင်ရန်အတွက် Fund

တစ်ခုအနေဖြင့် နိုင်ငံတော်ဘတ်ဂျတ်တွင်ပါဝင်ဖို့ လိုအပ် နေကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး ကပြောသည်။

အဆိုပါပြိုင်ပွဲတွင် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သချာၤဘာသာရပ်များကို လူငယ်များအနေဖြင့် အသင်းအဖွဲ့အလိုက်ပေါင်းစပ်ကာ စက်ရုပ်များတည်ဆောက်၍ ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ယခုအကြိမ်သည် မြန်မာနိုင်ငံမှ ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ပထမအကြိမ်အဖြစ် ၂၀၁၇ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က နိုင်ငံပေါင်း ၁၅၇ နိုင်ငံတွင် အဆင့် ၆ ရရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly