ဂန္တဝင်ကစားသမား မယ်လ်ဒီနီကို ကလပ်ဒါရိုက်တာတစ်ဦးအဖြစ် အေစီမီလန်အသင်း တာဝန်ပေး

ဂန္တဝင်ကစားသမား မယ်လ်ဒီနီကို ကလပ်ဒါရိုက်တာတစ်ဦးအဖြစ် အေစီမီလန်အသင်း တာဝန်ပေး
(ဓာတ်ပုံ - AFP)

အေစီမီလန်အသင်းမှာ ကစားသမားဘဝအဖြစ် ၂၅ နှစ်အထိ ကစားခဲ့တဲ့ အီတလီနောက်ခံလူဟောင်း မယ်လ်ဒီနီဟာ နည်းဗျူဟာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာအဖြစ် အသင်းဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ပေးခန့်အပ်ခံရတဲ့ အသက် ၅၀ အရွယ် မယ်လ်ဒီနီဟာ အေစီအသင်းရဲ့ အရင်က အောင်မြင်မှုတွေကို ပြန်လည် ရယူဖို့ လုပ်ဆောင်ရမှာဖြစ်သလို ၂၀၁၃ ခုနှစ်နောက်ပိုင်း စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ ကနေ ပိုမြင့်တဲ့ အဆင့်ကို ပို့ဆောင်ပေးရမှာလည်းဖြစ်ပါတယ်။

မယ်လ်ဒီနီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၃ ကို ကလပ်အသင်းက အနားပေးထားပြီး သူဟာ အေစီအသင်းနဲ့ လိဂ်ပွဲပေါင်း ၆၄၇ ပွဲကစားထားတဲ့ စံချိန်မှတ်တမ်းရှိတဲ့အပြင် စီးရီးအေဖလား ၇ ကြိမ်နဲ့ ဥရာပဖလား/ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၂၆ ခုအထိ ဆွတ်ခူးရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ နိုင်ငံအသင်းတွက် ၁၂၆ ပွဲ ကစားပေးခဲ့ပြီး အီတလီအသင်းနဲ့အတူ ၁၉၉၄ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၀၀ ဖလားပြိုင်ပွဲတွေမှာ ဒုတိယဆုကို ရယူပေးခဲ့ပါတယ်။

မီလန်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှုအတွက် ယူရိုသန်း ၂၀၀ ကျော် အသုံးပြုခဲ့ပေမယ့်လည်း စီးရီးအေအမှတ်ပေးဇယား အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွှဲချော်နေဆဲဖြစ်ပါတယ်။

အခုလို မာလ်ဒီနီကို ဒါရိုက်တာတစ်ဦးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့တာဟာ အသင်းရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

မီလန်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျူဗီတပ်စ်အသင်းရဲ့ ကစားသမား ဟီဂူအင်းကို တစ်နှစ်အငှားနဲ့ ခေါ်ယူထားပါတယ်။

Ref; AFP

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags