မူးယစ်ဆေးသုံးစွဲမှုကြောင့် ဆေးရုံတက်ခဲ့ရသည့် Demi Lovato ဆေးရုံဆင်းပြီဟုဆို

မူးယစ်ဆေးသုံးစွဲမှုကြောင့် ဆေးရုံတက်ခဲ့ရသည့် Demi Lovato ဆေးရုံဆင်းပြီဟုဆို

 

သြဂုတ် ၇ ။           ။ မူးယစ်ဆေးသုံးစွဲပြီး ရှော့ခ်ဖြစ်ရာ နှစ်ပတ်ကြာ ဆေးရုံတက်ခဲ့ရတဲ့ Demi Lovato ဟာ ပြီးခဲ့တဲ့စနေနေ့မှာပဲ ဆေးရုံဆင်းသွားပြီလို့ သိရပါတယ်။

Demi ဟာ လော့အိန်ဂျလိစ်မှာရှိတဲ့ Cedars-Sinai ဆေးရုံမှာဆေးကုသမှုခံယူခဲ့တာဖြစ်ပါတယ်။

ဆေးရုံဆင်းပြီးပြီးချင်းမှာပဲ Demi တို့ဟာ ကယ်လီဖိုးနီးယားမြို့ပြင်မှာရှိတဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးစခန်းကို ကိုယ်ပိုင်လေယာဉ်နဲ့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစခန်းမှာ Demi ဘယ်နှရက်နေမယ်ဆိုတာမသိသေးပေမယ့် အနည်းဆုံးတစ်လတော့ဖြစ်လောက်တယ်ဆိုပြီး ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။

 Demi ရဲ့မန်နေဂျာတွေကတော့ Demi ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့၊ ဒုက္ခရောက်စေမယ့် ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ ဝေးရာမှာထားဖို့ စီစဉ်နေကြပြီး Demi ရဲ့ဖုန်းနံပါတ်ကိုလည်း အသစ်ပြောင်းသုံးခိုင်းမှာဖြစ်ပါတယ်။

အဆိုပါဖုန်းနံပါတ်အသစ်ကိုလည်း Demi အတွက် အရေးကြီးတဲ့၊ တကယ်ရင်းနှီးတဲ့ မိတ်ဆွေတွေကိုပဲ အသိပေးမှာဖြစ်ပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 Demi ဟာ သူ့အတွက် စိတ်ပူပေးခဲ့ကြတဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း၊ မူးယစ်ဆေးဖျက်နိုင်အောင် ကြိုးစားသွားမယ့်အကြောင်းကို ၎င်းရဲ့ Instagram မှာရေးသားခဲ့ပါတယ်။

“ဆေးစွဲတာနဲ့ပတ်သက်ပြီး အားလုံးကို ကျွန်မပွင့်ပွင့်လင်းလင်းပဲပြောလေ့ရှိပါတယ်။ ဒါဟာ အချိန်ကြာတာနဲ့ ပျောက်ပျက်သွားမယ့် ကိစ္စလည်း မဟုတ်ဘူး။ ဒီတော့ ဒါကိုကျော်ဖြတ်နိုင်ဖို့ ကျွန်မအချိန်ယူရဦးမှာပါ။ ဘာတွေပဲဖြစ်ဖြစ် ကျွန်မကို အမြဲဂရုစိုက်ပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။”လို့ Demi ကပြောခဲ့ပါတယ်။

“ကျွန်မမိသားစုသာမရှိရင် ဒီအချိန်မှာ ကျွန်မဒီစာကိုရေးနိုင်မှာမဟုတ်ပါဘူး။ ဒီအဖြစ်ဆိုးကို ရင်ဆိုင်နိုင်ဖို့ ကျွန်မကြိုးစားသွားပါမယ်။”လို့ ၎င်းကဆက်ပြောပါတယ်။

Demi ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်၊ ၎င်းရဲ့အိမ်မှာ မူးယစ်ဆေးသုံးစွဲရာမှ ရှော့ခ်ဖြစ်ပြီး ဆေးရုံတက်ခဲ့ရတာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly