နိုင်ငံခြားသားများ ပါ၀င်နေသော ရခိုင်ကော်မရှင်ကို (၂၂) ပါတီကန့်ကွက်

နိုင်ငံခြားသားများ ပါ၀င်နေသော ရခိုင်ကော်မရှင်ကို (၂၂) ပါတီကန့်ကွက်

 

ရန်ကုန် ၊ သြဂုတ် ၇ ။      ။ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့အား ပြည်ပနိုင်ငံခြားသားများနှင့် ဖွဲ့စည်းခြင်းအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၂) ခုက ကန့်ကွက် ကြောင်း သြဂုတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ကြေညာခဲ့သည်။

“မြန်မာ့အရေးတွင် ပြည်ပနိုင်ငံခြားသားများ ဦးဆောင်ပါဝင်သော ကော်မရှင်များ ဖွဲ့စည်းခြင်းကိုလည်း ကန့်ကွက်ကြောင်း” နိုင်ငံရေးပါတီများက ထုတ်ပြန်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီသည် အဆိုပါကော်မရှင်ဖွဲ့စည်းရန် စတင်စဉ်ကာလကတည်းက အစဉ်တစိုက် ကန့်ကွက်ခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များအမည်စာရင်းကို ထုတ်ပြန်ခဲ့ပြီးနောက်တွင် မိတ်ဖက်ပါတီများနှင့် ပူးပေါင်း၍ ကန့်ကွက်စာ ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုအစိုးရမှ ဖွဲ့စည်းထားသည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ARSA အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များ ၊ ယင်းနှင့်ဆက်နွယ်သည့် ကိစ္စရပ်များကို စုံစမ်းရမည်ဖြစ်သည်။

စုံစမ်းစစ်ဆေးရမည့် အကြောင်းအရာကို ဖော်ပြရာတွင် ARSA အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဟု ကာလသတ်မှတ်ထားခြင်းကြောင့် ပြဿနာကို ဖန်တီးကျူးလွန်သည့် ပင်မတရားခံအကြမ်းဖက်သမားများကို ရှာဖွေဖော်ထုတ်ရမည့်အစား နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ယူထားရသည့် အဖွဲ့အစည်းများ ကိုသာ အဓိကစုံစမ်းစစ်ဆေးမည်ဟု အဓိပ္ပါယ်သက်ရောက်နေသည်ဟု ပြည်ခိုင်ဖြိုး နှင့် မိတ်ဖက်ပါတီများ၏ ကန့်ကွက်ချက်တွင် ဖော်ပြထားသည်။

လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုအား အမျိုးသားအစီအစဉ်တစ်ရပ်အနေဖြင့် အစိုးရက ပြီးခဲ့သည့်ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်သူ သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုအား ခန့်အပ်ခဲ့သည်။

ကော်မရှင် အဖွဲ့ဝင်များအဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်း၊ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် သံအမတ်ကြီး ကင်ဇိုအိုရှီးမား နှင့် ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့အား ခန့်အပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly