ပြည်ခိုင်ဖြိုးအမည်ပေါက် မြေဧကတစ်ထောင်ကို ဖျက်သိမ်းပြီး ဒေသခံများ ပြန်ရရှိရန် ဆောင်ရွက်

ပြည်ခိုင်ဖြိုးအမည်ပေါက် မြေဧကတစ်ထောင်ကို ဖျက်သိမ်းပြီး ဒေသခံများ ပြန်ရရှိရန် ဆောင်ရွက်
ဓာတ်ပုံ - AFP

 

နေပြည်တော်၊ သြဂုတ်လ ၆ ။          ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သီဟိုဠ်နှင့် ကြက်ဆူစိုက်ပျိုးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း အမည်ပေါက် မြေလွတ်၊ မြေရိုင်း၊မြေလတ် ဧက တစ်ထောင်ကို ဒေသခံပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက်လိုသူများအတွက် ပြန်လည်လျှောက်ထားနိုင်ရန် ခရိုင်/ မြို့နယ်များသို့ လမ်းညွှန် အကြောင်းကြားထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

“လက်ရှိမြေပြင်မှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စိုက်ပျိုးထားမှု မှန်ကန်ခြင်း ရှိ/မရှိ စိစစ်တဲ့ မိမိတို့ရဲ့ အထူး စိစစ်ရေး အဖွဲ့များနဲ့ကွင်းဆင်းစစ်ဆေးတဲ့ အခါမှာ စည်းကမ်းပျက်ယွင်းကြောင်းတွေ့ရှိရတဲ့ အတွက် ရရှိ ထားသော မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ပိုင်ခွင့်ကို ဖျက်သိမ်း ပယ်ဖျက်ပေးနိုင်ဖို့မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ တင်ပြနိုင်ဖို့အတွက် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့မှအမှုတွဲ ပြုစုလျှက်” ရှိတယ်ဟု ဦးလှကျော်ကပြောကြားသည်။

အဆိုပါ ဧက တစ်ထောင်မှာ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် တွင် ကြံ့ခိုင်ရေးပါတီမှ ခွင့်ပြုရရှိထားခြင်း ဖြစ်သည်။

ယနေ့ သြဂုတ်လ ၆ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မေးမြန်းခဲ့သည့် “ဧရာဝတီတိုင်းဒေသကြီး ၊ လေးမျက်နှာမြို့နယ်၊ ဘဲ့ပြားကုန်းကျေးရွာအုပ်စု၊ စာစီကုန်းကျေးရွာအနီးဧက ၁၀၀၀ ခန့်ရှိ ယခင်ကြက်ဆူစီမံကိန်း မြေနေရာကို နွားမြူရေး ဇုန်အဖြစ် ခွင့်ပြု ဆောင်ရွက်ပေးရန်၊ အစီစဉ် ရှိ/မရှိ” မေးခွန်းနှင့်ပတ်သတ်ပြီး လယ်ဆည် ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧက ၁၀၀၀သည် ကြို့ကုန်းကွင်းအမှတ် (၉၅၆)တွင် ဧက(၁၄၀) နှင့် ငပုဖုန်းကွင်း၊ကွင်းအမှတ် (၉၂၆)တွင် ဧက(၈၆၀) တို့ဖြစ်ပြီး၊ ပထမနှစ်တွင် ဧက(၁၀၀)၊ ဒုတိယနှစ်တွင်(၃၀၀)၊ တတိယနှစ်တွင်(၃၀၀) နှင့် စတုတ္ထနှစ်တွင် ဧက (၃၀၀) တို့ကို နှစ်အလိုက်ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ပထမနှစ်တွင် ဧက(၂၀၀)ကို ကြက်ဆူစိုက်ပျိုးထားသော်လည်း မီးလောင်ကျွမ်းမှုများကြောင့် ပြန်လည်စိုက်ပျိုးမှု မရှိကြောင်းကိုလည်း စိစစ်ဖော်ထုတ်တွေ့ရှိရတယ်လို့ ဦးလှကျော်က ဆက်လက်ပြောကြားသည်။

“အဆိုပါ တွေ့ရှိချက်များအရ ဧက ၁၀၀၀ မြေနေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းအမည်ဖြင့် ဥပဒေနှင့်အညီ လျှောက်ထားရယူခဲ့သော်လည်း ဥပဒေပါသတ်မှတ်ချက်အတိုင်း လေးနှစ်တာ ကာလအတွင်း စိုက်ပျိုးနိုင်မှု မရှိခြင်း၊ ပထမနှစ်တွင် စတင်စိုက်ပျိုးသည့် ဧက (၂၀၀)မှာလည်း ရှင်သန်မှုမရှိ ၊ မီးလောင် ပျက်စီးခဲ့ခြင်း တို့ကြောင့် စည်းကမ်းပျက်ယွင်းနေသည့်မြေ” ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ထို့အတွက်ကြောင့် မွေးမြူရေးဇုန်တည်ဆောက်နိုင်ရန်အတွက် ယခင်မြေလွတ်၊မြေလပ်၊ မြေရိုင်းအမိန့်ကို ပယ်ဖျက်ခွင့်ရရှိပြီး ပါက အမိန့်သစ်ထပ်မံ ကျလာချိန်တွင် မွေးမြူရေးလုပ်ကိုင်လိုသူများအနေဖြင့် တစ်သီး ပုဂ္ဂလဖြစ်စေ၊ အစုအဖွဲ့အားဖြင့် ဖြစ်စေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ လျှောက်ထားနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့သို့လျှောက်ထားပြီးသူများအနေဖြင့် အဆိုပါ မြေနေရာများတွင် နွားမွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးမွေးမြူရေး နှင့်ကုသရေး ဦးစီးဌာနဖြင့် ချိတ်ဆက်ကာ လိုင်စင်မှတ်ပုံတင်ရရှိရေး ၊ လိုအပ်သည့် အကြံဉာဏ်များ ၊ နည်းပညာများ နှင့် ရန်ပုံငွေရရှိရေးတို့ ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly