အရက်ကြော်ငြာများကို ထိန်းသိမ်းပေးရန်အပေါ် ပြန်ကြားရေးဒုဝန်ကြီးဖြေဆိုမှုကို ကျေနပ်မှုမရှိဟုဆို

အရက်ကြော်ငြာများကို ထိန်းသိမ်းပေးရန်အပေါ် ပြန်ကြားရေးဒုဝန်ကြီးဖြေဆိုမှုကို ကျေနပ်မှုမရှိဟုဆို
Members of the Union Parliament leave from the Union parliament building after their meeting in Naypyitaw, Myanmar. Photo: Nyein Chan Naing/EPA

နေပြည်တော်၊ သြဂုတ်လ ၆ ။        ။ လမ်းမကြီးများ၊ တီဗွီများပေါ်တွင် အရက်များ အလွန်အကျူးကြော်ငြာနေခြင်းများအပေါ် စည်းမျဉ်းဥပဒေများ နှင့်အညီ တင်းတင်းကြပ်ကြပ် အကောင်အထည်ဖော် လုပ်ဆောင်မည်ဆိုသည့် အာမခံချက်မျိုး မပါရှိသည့် အတွက် ကျေနပ်မှုမရှိကြောင်း မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဦးကြွယ်ကြွယ်က ပြောသည်။

 “အရက်ကြော်ငြာများကို စည်းကမ်းမဲ့စွာ ကျင့်ဝတ်သိက္ခာကင်းမဲ့စွာ အလွန်အကျူး ပြုလုပ်နေခြင်းကို ထိန်းသိမ်း ကြပ်မတ်ပေးရန် အစီစဉ် ရှိ/မရှိ” မေးခွန်းကို  သြဂုတ်လ ၆ ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဦးကြွယ်ကြွယ်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကြော်ငြာမူဝါဒများထဲတွင် လက်ခံဆောင်ရွက်ခြင်းမပြုကြောင်း ပြန်ကြာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြန်ဖြေကြားခဲ့သည်။

“ဘီယာနှင့် ဝိုင်အပါအဝင် အရက်ကြော်ငြာများနှင့် ဆေးလိပ်၊ စီးကရက်၊ဆေးပြင်းလိပ်၊ ဆေးရွက်ကြီးဖြင့် ပြုလုပ်သော ပစ္စည်းများ၊ ရောင်းချမှု ၊ ဝယ်ယူသုံးစွဲမှုများအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးသည့် ကြော်ငြာများကို လက်ခံဆောင်ရွက်ခြင်းမပြုပါဘူး” ဟု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပေါင်းစပ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ကြော်ငြာဆိုင်းဘုတ်များကို သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီများမှ ခွင့်ပြုချက်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကြော်ငြာမူဝါဒများ အတိုင်း လိုက်နာပြီး ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးက ဆက်လက်ဖြေကြားခဲ့သည်။

“အစိုးရပိုင်းက အုပ်ချုပ်ရေးပိုင်းက ဂရုစိုက်ပြီးတော့ အာရုံစိုက်ပြီးတော့ လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ တီဗွီမှာ လည်း ဒါသိနေတာပဲ ။ အရက်ကြော်ငြာမှန်းသိနေတာပဲ ။ ဒီဆိုင်းဘုတ်ကြီးဆို အကြီးကြီးပဲ ဆရာပြထားတာ။ ဒါအရက်ကြော်ငြာမှန်း သိနေတာပဲ။ ဒါနှစ်ပေါင်းများစွာကြာပြီ ဒါကြီးစိုက်ထူထားတာ။ ဒါကို ဒီဥပဒေတွေ ဒီစည်းမျဉ်းတွေ ရှိနေမှန်းသိရက်နဲ့ ဒီအုပ်ချုပ်ရေးပိုင်းက ဒါကို တာဝန်ရှိရှိဖို့ ဒါကို လုပ်ရမှာဖြစ်ပါတယ်။ ဒီမေးခွန်းတွေက ဒီပေါ်မှာရောက်လာစရာတောင် မလိုပါဘူး”ဟု လွှတ်တော် အစည်းအဝေးအပြီးတွင် ဒေါက်တာဦးကြွယ်ကြွယ်က မီဒီယာများကို ပြောသည်။

၂၀၁၇ ခုနှစ်အတွင်းတွင် ယစ်မျိုးထုတ်ကုန်များမှ နိုင်ငံတော်က ရရှိခဲ့သည့် ယစ်မျိုးခွန်သည် ကျပ်သန်းပေါင်း ၉၄၀.၃၁၁ သန်း ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly