မြေယာစီမံခန့်ခွဲခွင့်တာဝန်ကို အလွဲသုံးခဲ့သူများကြောင့် မြို့ပြလူနေမှုစနစ်ဆိုးကို ဆက်ခံနေရဟု ဆို

မြေယာစီမံခန့်ခွဲခွင့်တာဝန်ကို အလွဲသုံးခဲ့သူများကြောင့် မြို့ပြလူနေမှုစနစ်ဆိုးကို ဆက်ခံနေရဟု ဆို

နေပြည်တော်၊ သြဂုတ်လ ၆ရက် ။        ။ မြန်မာနိုင်ငံတွင် လူနေရပ်ကွက်များနှင့် မြေယာအမျိုးမျိုး စီမံခန့်ခွဲခွင့်တာဝန်ကို အလွဲသုံးစားပြုခဲ့သည့် ကိုယ်ကျိုးရှာလူတစ်စုကြောင့် ပရမ်းပတာ ဖြစ်နေသည့် မြို့ပြလူနေမှုစနစ်ဆိုးကို ဆက်ခံနေရကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောသည်။

စီမံခန့်ခွဲခွင့်တာဝန်များကို လုပ်ပိုင်ခွင့်ရထားသူများက အလွဲသုံးစားပြုခဲ့သည့်အတွက် ပရမ်းပတာ ဖြစ်နေသည့် မြို့ပြလူနေမှုစနစ်နှင့် စည်းစနစ်မရှိသော လူနေကွက်သစ်များကိုထိန်းမနိုင်သိမ်းမရ ဖြစ်သည့်အမွေကို နိုင်ငံသည် ဆက်ခံနေရကြောင်း  ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒါတွေကို ကျွန်တော်တို့လက်ထက်မှာ စနစ်တကျဖြစ်အောင်ပြန်လည်ပြုပြင်တည်ဆောက်ကြရမှာဖြစ်သလို မိမိတာဝန်ယူစဉ်ကာလမှာလည်းပဲ ဒီလို အဖြစ်မျိုးတွေ ထပ်မတိုးလာအောင်စီမံထိန်းသိမ်း ကြရမှာလည်း ကိုယ့်တာဝန်လည်း ဖြစ်ပါတယ် ”ဟု ၎င်းက ပြောသည်။

ယနေ့ သြဂုတ်လ ၆ ရက်နေ့က အမျိုးသားလွှတ်တော်တွင် “ မြန်မာနိုင်ငံလယ်ဥယာဉ်ခြံမြေများကို စည်းကမ်း မဲ့စွာ အကွက်ဖော်ရောင်းစားနေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများတွင် နောင်တချိန်လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံးခြင်း၊ ကုန်ခြင်းစသည်တို့နှင့် အဓိက သက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေး ကော်မတီ နှင့် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့် (ကော်သုံးကော်) တို့၏ လျော့ရဲပြီး အဂတိတရား မကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်းအကောင်အထည်ဖော်ပေးရန်ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို” ၎င်းက တင်သွင်းရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

အထက်ပါ အဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးခင်ဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်မည့်သူ မရှိသဖြင့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ထို့အပြင် မြေယာကဏ္ဍများတွင် အလွဲ အမှားများကို မစီမံ ကြစေရန် အတွက် တာဝန်ပေးမည့်သူများသည် မိမိဒေသကို ချစ်မြတ်နိုးသူများ၊ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဦးစားပေး ရေရှည်မျှော်ကြည့်တတ်သူများ၊ ကိုယ်ကျိုးစွန့်နိုင်သူများ နှင့် အဂတိတရားများကို မနှစ်မြို့သူများကို နှင့်သာ ဖွဲ့စည်းထားသည့် ကော်မတီများနှင့် စီမံခန့်ခွဲကြမှသာ နိုင်ငံအဝှမ်း ဒေသအသီးသီးတွင် စနစ်တကျနှင့်ဖွံ့ဖြိုးလာမည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် လယ်ယာမြေဥယာဉ် ခြံမြေများကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားသည့် အခါများ၊ မြေယာပြဿနာများကို ဖြေရှင်းသည့် အခါများ၊ မြို့ပြနှင့် ကျေးရွာများရှိ ဘုံပိုင်မြေများကို စီမံထိန်းသိမ်းသည့် အခါများနှင့် မြို့ပြများကို သာယာစနစ်ကျအောင် ဖေါ်ဆောင်သည့် အခါများတွင် စီမံခန့်ခွဲမှု ကော်မတီ၊ စည်ပင်သာယာရေး ကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ တို့က အဓိက တာဝန်ယူ လုပ်ဆောင်နေခြင်း ဖြစ်သည်။

လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီတွင် ဥက္ကဌသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဦးစီးမှူးသည် အတွင်းရေးမှူး၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဖြစ်သူသည် မြို့နယ်အုပ်ချုပ်ရေးမှူးပဲဖြစ်ကာ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်သည် ဌာနဆိုင်ရာ ဦးစီးမှူးများ အများစုနှင့် အရပ်သားကိုယ်စားလှယ် (၂)ဦး သို့ (၃)ဦး၊ စည်ပင်သာယာရေးကော်မတီတွင် သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်မှ ရေးဆွဲထားသည့် ဥပဒေအရ ရွေးကောက်ခံ မြို့မိ၊ မြို့ဖမှ ဥက္ကဌ၊ စည်ပင်သာယာအဖွဲ့ ဦးဆောင်အရာရှိတို့က အတွင်းရေးမှူးများ ဖြစ်ကြသည်။

ထိုအတွက်ကြောင့် “မြို့နယ်ထွေအုပ်ဟာ တည်ကော်တို့လို ၊ သိမ်းဆည်းခံမြေများ ပြန်လည်စိစစ်ရေးကော်မတီ တု့ိလို နဲ့ အခြားကော်မတီများစွာမှာလည်း ဥက္ကဌ ရာထူးတွေ ရယူထားတာတွေ ရှိပါသေးတယ်။ လုပ်ငန်းတွေကို ကြည့်တဲ့အခါ သက်ဆိုင်ရာကော်မတီလုပ်ငန်းနဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေဟာ ရောထွေးနေတာက ပြဿနာ ဖြစ်နေပါတယ်” ဟုလည်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း က ဆိုသည်။

ထိုသို့ ကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းဌာနတာဝန်များ ရောထွေးနေကြောင်းလည်း ထောက်ပြပြောဆို သွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly