၈၈၈၈ နှစ် ၃၀ ပြည့် အခမ်းအနား သမ္မတနှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မအားလပ်သဖြင့် တက်ရောက်နိုင်မည်မဟုတ်ဟု ဆို

၈၈၈၈ နှစ် ၃၀ ပြည့် အခမ်းအနား သမ္မတနှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မအားလပ်သဖြင့် တက်ရောက်နိုင်မည်မဟုတ်ဟု ဆို
ဓာတ်ပုံ - AFP

ရန်ကုန်၊ သြဂုတ် ၆ ။              ။ လာမည့် သြဂုတ်လ ၈ ရက်တွင် ကျရောက်မည့် ၈၈၈၈ အရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မအားလပ်သဖြင့် တက်ရောက်နိုင်မည်မဟုတ်ကြောင်း ၈၈ မျိုးဆက် ဦးမြအေးက ပြောသည်။

လွှတ်တော်တွင်လည်း ဘတ်ဂျက် ပြန်လည်ရေးဆွဲနေရသည်ဖြစ်၍ မတက်ရောက်နိုင်ခြင်းဖြစ်ပြီး ထိုသို့ မတက် ရောက်သော်လည်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် နွေးထွေးသည့် ဆက်ဆံရေး ရှိနေသည်ဟု ပြောသည်။

“ အခမ်းအနားမတက်တော့ နိုင်ငံတော်နဲ့ပတ်သတ်တဲ့လူတွေက တမျိုးအမြင်တွေ တိမ်းစောင်းကုန်မှာစိုးလို့ ကျွန်တော် ရှင်းပြတာ ဖြစ်ပါတယ်ခင်ဗျ။ သမ္မတကြီးရဲ့စကားဆိုရင် ပေးဆပ်ခဲ့တဲ့လူတွေရဲ့တန်ဖိုးကိုသိမှသာ လျှင် နိုင်ငံရေးဆိုတာကောင်းပါလိမ့်မယ် ဆိုတဲ့ နှုတ်ထွက်စကားကို ကျွန်တော်ကိုယ်တိုင်ကြားခဲ့တာပါ။ ဆိုတော့ နွေးထွေးတဲ့ဆက်ဆံရေး ရှိပါတယ်။ နွေးထွေးလှိုက်လဲစွာကြိုဆိုပြီး ဆက်ဆံလိုက်တာ ဖြစ်ပါတယ်။ ဒါကိုတော့ ရှင်းရှင်းလင်းလင်း အားလုံးကိုအသိပေးချင်တာပါ" ဟု ၈၈ မျိုးဆက်ဦးမြအေးက ပြောသည်။

သြဂုတ်လ ၆ ရက်နေ့တွင် ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်၌ စတင် ကျင်းပခဲ့ပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ဦးမြအေးက ပြောခဲ့ခြင်းဖြစ်သည်။

ဦးမြအေးက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်တွေဆုံစဉ်တွင် အချိန်ကြာကြာ စကားပြောဆိုခွင့်ရခဲ့သည်ဟု သိရပြီး နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောသည်။

"အတိုင်ပင်ခံပြောတဲ့စကားတွေလည်း တအားကောင်းပါတယ်။ အတိုင်ပင်ခံအနေနဲ့ သူတို့ရဲ့တိုင်းပြည်ရေးကို ဆောင်ရွက်နေတဲ့အခါမှာ ၈၈ မျိုးဆက်တွေနဲ့လည်းအဆက်မပြတ်သွားပါဘူး။ အများထင်နေတာ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ကြားထဲမှာ တချို့က အမြင်တိမ်းစောင်းအောင် ဖြစ်နေတဲ့အခြေအနေတွေ ရှိတယ်။ ဒါပေမယ့်အဲဒီဟာတွေမရှိပါဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ကလည်း လှိုက်လှိုက်လဲှလှဲကြိုဆိုပြီး ပြောတာပါ" ဟု ဦးမြအေး က ဆိုသည်။

ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်အထိမ်းအမှတ်သို့  နိုင်ငံတော်အစိုးရအနေဖြင့် မတက်ရောက်နိုင် သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ တရားဝင် စေလွှတ်ထားသည့်ကိုယ်စားလှယ်အဖြစ် နှစ်ဦး တက်ရောက်မည်ဟု သိရသည်။

ရှစ်လေးလုံးအရေးတော်ပုံသည် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ပါတီစုံရွေးကောက်ပွဲကျင်းပပေးရန် တောင်းဆိုရာမှ ပေါ်ပေါက်ခဲ့ပြီး လူအများစု နှစ်ကာလရှည် ထောင်ချခံခဲ့ကြရပြီး ယခုလက်ရှိအာဏာရပါတီ တွင် ထိုစဉ်က ပါဝင်လှုပ်ရှားခဲ့ဖူးသူများဖြင့် ဖွဲ့စည်းထားသည်။

စစ်အစိုးရ ဆန့်ကျင်ဆန္ဒပြမှု ၈၈၈၈ အရေးတော်ပုံနှင့်အတူ မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပြည်သူတွေအကြား ဦးစီးဦးဆောင်အဖြစ် ပေါ်ထွက် ထင်ရှားလာစေခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly