Zombie လူသားမော်ဒယ်လ် Rick Genest မတော်တဆသေဆုံးရခြင်းဖြစ်သည်ဟု မိသားစုဝင်များဖြေရှင်း

Zombie လူသားမော်ဒယ်လ် Rick Genest မတော်တဆသေဆုံးရခြင်းဖြစ်သည်ဟု မိသားစုဝင်များဖြေရှင်း

 

သြဂုတ် ၆ ။         ။ နာမည်ကြီးအဆိုတော် Lady Gaga ရဲ့ Born This Way သီချင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင် Zombie လူသားမော်ဒယ်လ် Rick Genest (အသက် ၃၂ နှစ်) ဟာ သြဂုတ်လ ၁ ရက်နေ့မှာ ဝရန်တာပေါ်က ပြုတ်ကျသေဆုံးခဲ့ရတာဖြစ်ပါတယ်။

အဆိုပါသေဆုံးမှုဟာ မတော်တဆဖြစ်ခဲ့ရတာပါလို့ Rick ရဲ့မိသားစုဝင်တွေက ပြောပါတယ်။

“Rick ကဝရန်တာကနေပြုတ်ကျသေဆုံးတာဖြစ်ပေမယ့် သူသေကြောင်းကြံတယ်လို့ သတ်မှတ်လို့မရပါဘူး။ ပြီးခဲ့တဲ့ ၃ ပတ်လောက်ကပဲ သူနဲ့ကျွန်တော် အဲဒီဝရန်တာမှာ ဆေးလိပ်ထွက်သောက်သေးတယ်။ အရမ်းကျဉ်းတဲ့ အရေးပေါ်ဝရန်တာထွက်ပေါက်တစ်ခုပါ။ Rick က အဲဒီဝရန်တာမှာရှိတဲ့ လှေကားမှာမှီပြီး ဆေးလိပ်သောက်လေ့ရှိတယ်။”လို့ Rick ရဲ့မန်နေဂျာ Kerim Leduc ကပြောပါတယ်။

“အဲဒီလှေကားက အိမ်နောက်ဖက်မှာရှိတာ။ သုံးလွှာကနေ ခုန်ချပြီး သေကြောင်းကြံဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ Rick ကဒီရက်ပိုင်းအလုပ်များနေတာပါ။ ဘာမှလည်းပြောမသွားပါဘူး။”လို့ ၎င်းကဆက်ပြောပါတယ်။

ကနေဒါအာဏာပိုင်တွေနဲ့ Lady Gaga ကတော့ Rick သေကြောင်းကြံတယ်လို့ပဲ မှတ်ယူနေပေမယ့် Rick ရဲ့မန်နေဂျာကတော့ Rick လိုဆင်ခြင်တုံတရားရှိတဲ့လူက သေကြောင်းကြံတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

“Rick ကဒီလိုလုပ်မယ့်လူမဟုတ်ဘူး။ သူကတခြားလူအတွက် အမြဲတမ်းစဉ်းစားပေးတယ်။ သူဘယ်လိုသေဆုံးသွားတယ်ဆိုတာ သူနဲ့ဘုရားသခင်ကလွဲလို့ ဘယ်သူမှမသိနိုင်ပါဘူး။”လို့ Kerim ကဆက်ပြောပါတယ်။

Rick မသေဆုံးခင်က ၎င်းရဲ့ရည်းစားနဲ့အတူရှိနေခဲ့တာဖြစ်ပြီး ဝရန်တာမှာ ဆေးလိပ်ခဏထွက်သောက်မယ်လို့ ပြောပြီး Rick ပြန်မရောက်လာတာဖြစ်ပါတယ်။ Rick ပြန်မရောက်လာတော့ ၎င်းရဲ့ရည်းစားက လိုက်ရှာတော့မှ ဝရန်တာကနေ ပြုတ်ကျသေဆုံးနေတဲ့ Rick ကိုတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

Rick သေဆုံးရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly