သင့်သွေးဖြင့် အသက်ကယ်ပါ

သင့်သွေးဖြင့် အသက်ကယ်ပါ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သွေးလှူခြင်းဆိုတာ လူတိုင်းနဲ့ ရင်းနှီးပြီးသား စာလုံးလေးပါ။ကိုယ့်သွေးကြောင့် တပါးသူ ကျန်းမာပျော်ရွှင်လာစေမယ်ဆိုတဲ့ အသိတခုတည်းနဲ့တင် သွေးလှူရတာ တန်နေပါပြီ။အကြိမ်ရေ ရာပေါင်းများစွာ လှူဖူးသူတွေ ရှိတာလည်း သတင်းစာတွေထဲမှာ ဖတ်ဖူးကြမှာပါ။လိုအပ်နေသူကို လှူဒါန်းရတဲ့ ကာလဒါနဖြစ်တဲ့အပြင် မိမိခန္ဓာကိုယ်ရဲ့ အသွေးအသား အစိတ်အပိုင်းကို လှူဒါန်းရခြင်းဖြစ်တဲ့အတွက် လောကီလောကုတ် နှစ်ဖြာအကျိုးကိုလည်း ပွါးစေပါတယ်။ဒါကြောင့် လူမှုရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ဘာသာရေးရှုထောင့်ကပဲ ကြည့်ကြည့် နှစ်ဦးနှစ်ဖက် အင်မတန် အကျိုးများတဲ့ သွေးလှူခြင်းအကြောင်း တစေ့တစောင်းကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားပါမယ်။

ဘယ်လိုလူတွေ သွေးလိုအပ်သလဲ

သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် မတော်တဆမှုတွေ၊အရေးပေါ်အခြေအနေတွေကြောင့် ထိခိုက်ဒါဏ်ရာ ပြင်းထန်စွာရသူတွေ။

ခွဲစိတ်မှုခံယူရင်း သွေးအလွန်အကျွံဆုံးရှုံးသူတွေ။

ကိုယ်ဝန်ဆောင်ချိန် သွေးသွန်သူတွေ၊သားပျက်သားလျှောဖြစ်သူတွေ၊ကလေးမီးဖွားရင်း သွေးအလွန်အကျွံဆုံးရှုံးသူတွေ။

Thalassemia လို ရောဂါမျိုးကြောင့် သွေးအားနည်းရောဂါကို အပြင်းအထန် ခံစားနေရပြီး သွေးမကြာခဏသွင်းဖို့ လိုအပ်နေသူတွေအနေနဲ့ သွေးသွင်းကုသမှု ခံယူဖို့လိုအပ်ပါတယ်။

ဒါကြောင့် သင့်သွေးဟာ လူတယောက်ရဲ့ အသက်ကို ကယ်တင်ပေးနိုင်သလို ခံစားနေရတဲ့ ဝေဒနာတွေကိုလည်း သက်သာသွားအောင် လုပ်ပေးနိုင်စွမ်းရှိနေပါတယ်။အင်မတန် မွန်မြတ်ပြီး ကြည်နူးဖို့ကောင်းတဲ့ အရာပါ။

ဘယ်မှာ သွေးလှူလို့ ရမလဲ

အမျိုးသားသွေးဌာန (National Blood Centre)မှာ သွားရောက်လှူဒါန်းနိုင်သလို အသင်းအဖွဲ့တွေ၊ တက္ကသိုလ်/ကျောင်း အသင်းတွေ၊ကုမ္ပဏီအဖွဲ့အစည်းတွေကနေ အခါအားလျော်စွာ ပြုလုပ်တဲ့ စုပေါင်းသွေးလှူဒါန်းပွဲတွေမှာလည်း ပါဝင်လှူဒါန်းနိုင်ပါတယ်။www.donatebloodmyanmar.org မှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။

ကျွန်တော်/ကျွန်မ သွေးလှူခွင့်ရှိလား

သွေးလှူဖို့ အောက်ပါအချက်အလက်တွေနဲ့ ကိုက်ညီရပါမယ်။

အသက်(၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသူ ဖြစ်ရပါမယ်။

အမျိုးသားအတွက် ကိုယ်အလေးချိန် ပေါင် (၁၁၀) အထက် ရှိရပါမယ်။

အမျိုးသမီးအတွက် ကိုယ်အလေးချိန် ပေါင်(၁၀၀) အထက် ရှိရပါမယ်။

အိပ်ရေးဝစွာ အိပ်စက်ထားသူဖြစ်ရပါမယ်။

အရက်သေစာသောက်စားထားခြင်းမရှိသူ ဖြစ်ရပါမယ်။

လတ်တလော ရောဂါဝေဒနာမရှိသူ ဖြစ်ရပါမယ်။

လွန်ခဲ့သော ၆ လအတွင်းက ဆေးမင်ကြောင် ထိုးခြင်း၊ နားဖောက်ခဲ့ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်းတို့ မရှိသူ ဖြစ်ရပါမယ်။

ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊  လတ်တလော ဓမ္မတာလာခြင်းတို့ မရှိသူဖြစ်ရပါမယ်။

သွေးမှတဆင့် ကူးစက်တတ်သော ရောဂါတွေ (အထူးသဖြင့် အသည်းရောင်အသားဝါ ဘီ/စီ၊အိတ်ချ်အိုင်ဗွီရောဂါပိုး ကင်းရှင်းသူတွေ ဖြစ်ရပါမယ်)

ဒီအချက်တွေနဲ့ ကိုက်ညီပြီဆိုရင်တော့ လူမျိုးဘာသာ၊အယုတ်အလတ် အမြတ်မရွေး သွေးလှူဒါနကို ကြည်နူးစွာ ပြုနိုင်ပြီပဲ ဖြစ်ပါတယ်။

သွေးလှူရင် ကျန်းမာရေးထိခိုက်သလား။သွေးတွေ အများကြီး ဖောက်ထုတ်မှာလား

အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှုရှိမရှိအပြင် သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေဟာ သွေးလှူနိုင်လောက်တဲ့ အနေအထားရှိရဲ့လားဆိုတာကိုလည်း ဆရာဝန်တွေက (သွေးမလှူခင်မှာ) အသေအချာ စစ်ဆေးပေးဦးမှာဖြစ်တဲ့အတွက် ဘာမှ စိုးရိမ်စရာမလိုပါဘူး။သွေးမလှူသင့်တဲ့ အခြေအနေမျိုးဆိုရင် ဆရာဝန်က သင့်ကို အိမ်ပြန်အားမွေးပြီး နောက်တခါမှ ထပ်လာဖို့ အကြံပြုမှာပါ။ဒါကြောင့် သွေးလှူခြင်းဟာ ကျန်းမာရေးကို ထိခိုက်စရာအကြောင်း လုံးဝမရှိပါဘူး။နောက်တချက်က သွေးလှူတဲ့အခါ သင့်ခန္ဓာကိုယ်ထဲက သွေးတယူနစ်သာ ထုတ်ယူမှာဖြစ်ပါတယ်။သွေးတယူနစ်ဟာ ၅၂၅ စီစီ (တပိုင့်)ပမာဏသာရှိတဲ့အတွက် သင့်ခန္ဓာကိုယ်တခုလုံးက သွေးပမာဏရဲ့ ဆယ်ပုံတပုံသာသာပဲ ရှိပါတယ်။ဒါကြောင့် စိတ်ချလက်ချလှူဒါန်းနိုင်ပါတယ်။သွေးလှူပြီးတဲ့အခါ ခဏနားနေပြီးမှ သင့်ကို အိမ်ပြန်ခွင့်ပြုမှာ ဖြစ်တဲ့အပြင် အားဖြစ်စေဖို့ ကြက်ဥတွေ၊မုန့်တွေ၊အာဟာရတွေကိုလည်း ကျွေးမွေးပြုစုဦးမှာပါ။ကုသိုလ်လည်းရ၊ဝမ်းလည်းဝဆိုတာ ဒါမှ အစစ်ပေါ့။

သွေးခဏခဏ လှူချင်တယ်။ရလား

ယေဘုယျအားဖြင့် ၃ – ၄ လတခါ သွေးလှူဒါန်းနိုင်ပါတယ်။ဒါပေမယ့် သွေးလှူတိုင်း သွေးလှူတိုင်းမှာ အထက်ဖော်ပြပါ အချက်တွေနဲ့ အမြဲတမ်းတိုက်ဆိုင်စစ်ဆေးမှာ ဖြစ်ပါတယ်။ဒါကြောင့် သင့်အနေနဲ့ သွေးလှူပြီး အသက်ကယ်ရတဲ့ ပီတိကို မကြာခဏ ခံစားချင်တယ်ဆိုရင်တော့ အစားအသောက်အနေအထိုင်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆင်ခြင်နေထိုင်ရပါမယ်။အပျော်အပါးလိုက်စားခြင်းကို ရှောင်ကျဉ်ရပါမယ်။ဆေးလိပ်အရက်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။အာဟာရပြည့်ဝအောင် စားရပါမယ် (အထူးသဖြင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ -ဥပမာ အနီရောင်အသား၊အသည်းစတဲ့ ကိုယ်တွင်းအင်္ဂါများ ကို သင့်တင့်လျောက်ပတ်စွာ စားသုံးပေးရပါမယ်။ဒီလိုနေထိုင်စားသောက်ခြင်းအားဖြင့် သွေးမကြာခဏလှူနိုင်မှာဖြစ်သလို သင့်ကျန်းမာရေးလည်း ကျွဲကူးရေပါဆိုသလို ပိုမိုတိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

‘အသက်သည်သွေး၊သွေးသည် အသက်’ တဲ့။အင်မတန်မှ တန်ဖိုးရှိပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ စကားလေးပါ။သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကို အမှန်တကယ် လိုအပ်နေသူတွေထံ လှူဒါန်းပြီး အသက်ကယ်နိုင်ခြင်းဟာ ပြောမယုံကြုံမှသိရလောက်အောင် ကြည်နူးဖို့ကောင်းတဲ့ အတွေ့အကြုံတခု၊လုပ်ဆောင်မှုတခု ဖြစ်တာမို့ ဒီနေ့ပဲ သွေးသွားလှူဖို့ တိုက်တွန်းလိုက်ပါရစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly