ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းဟာ အဖြစ်များလား

ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းဟာ အဖြစ်များလား

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းဟာ အဖြစ်များလား

ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတယောက်အတွက် အင်မတန်မှကို ကရိကထများတဲ့ အချိန်ကာလဖြစ်သလို ဂရုတစိုက်စောင့်ရှောက်ရမယ့် ကာလလည်းပဲဖြစ်ပါတယ်။ဒီကနေ့ ဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်စဉ်ကာလ တွ့ကြုံရမယ့် ကျန်းမာရေးအခြေအနေတွေထဲက တခုဖြစ်တဲ့ ဝမ်းချုပ်ခြင်းအကြောင်း ဆွေးနွေးမျှဝေပေးသွားမှာပဲ ဖစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာလို့ဝမ်းချုပ်သလဲ။

ဝမ်းချုပ်ခြင်းဟာ ကိုယ်ဝန်ဆောင်ကာလမှာ အဖြစ်များပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ထက်ဝက်လောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတခုကတော့ ပရိုဂျက်စတီရုန်း (progesterone) လို့ခေါ်တဲ့ ဟော်မုန်းတမျိုး ပိုမိုများပြားလာတာကြောင့်ပဲ ဖစ်ပါတယ်။ဒီဟော်မုန်းဟာ (အစာခြေလမ်းကြောင်းအပါအဝင်) ခန္ဓာကိုယ်တခုလုံးမှာရှိတဲ့ ပာင်ချောကြွက်သား (smooth muscle) တွေကို ပြေလျှော့စေတဲ့အတွက် အစာအိမ်အူလမ်းကြောင်းအတွင်း အစားအစာတွေ တနေရာမှတနေရာ ရွှ့ပြောင်းရောက်ရှိမှုကို ပိုမိုနှေးကွေးစေပါတယ်။ ဒါကြောင့် ဝမ်းချုပ်လာရပါတယ်။

(အူလမ်းကြောင်းထဲမှာ အစာတွေရွေ့ဖို့အတွက် ကြွက်သားတွေက တင်းတင်းညှစ်လိုက်၊ဖြေလျှော့လိုက်နဲ့ တွန်းထုတ်ပေးရမှာပါ)
နောက်တချက်က ဘာလဲဆိုတော့ ကိုယ်ဝန်လရင့်ချိန်မှာ သားအိမ်ဟာလည်း တဖြည်းဖြည်း ကြီးလာပြီမို့ သင့်ရဲ့ အစာဟောင်းအိမ်(အူမကြီး – rectum)ပေါ်ကို ဖိချနေတဲ့အတွက်ပါ။ဒီအချက်ကြောင့်လည်း ဝမ်းချုပ်ရပါတယ်။ ကိုယ်ဝန်ရှိစဉ် သုံးစွဲနေတဲ့ သံဓာတ်အားဆေးတွေဟာလည်း (အထူးသဖြင့် ပမာဏများများ သုံးစွဲနေရရင်) ဝမ်းချုပ်စေပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာအောင် ဘာတွေလုပ်ရမလဲ။

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ 

အစေ့အဆံတွေ၊ပေါင်မုန့်တွေ၊ဆန်လုံးညို၊ပဲ၊(လတ်ဆတ်တဲ့)ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို နေ့စဉ်စားသုံးပေးရပါမယ်။ဒီအစားအစာတွေဟာ သင်ဝမ်းမချုပ်အောင် ဝိုင်းဝန်းကာကွယ်ပေးနိုင်မှာပါ။

ရေများများသောက်ပါ

ရေကို ဆာတိုင်း များများသောက်ပေးပါ။ရေတင်မကပါဘူး၊သစ်သီးဖျော်ရည်တွေကိုလည်း တနေ့တခွက်သောက်ပေးနိုင်ပါသေးတယ်။

ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ 

လမ်းလျှောက်ခြင်း၊ရေကူးခြင်း၊စက်ဘီးစီးတဲ့စက်နဲ့ လေ့ကျင့်ခြင်း၊ယောဂကျင့်ခြင်း စတာတွေဟာလည်း ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေပါလိမ့်မယ်။

အောင့်မထားပါနဲ့ 

အိမ်သာတက်ချင်ရင် မအောင့်အီးထားပါနဲ့။တခါတလေ အိမ်သာတက်ဖို့ သင့်ခန္ဓာကိုယ်က အချက်ပြတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် အာင့်အီးထားတတ်ကြပြီး ကြာလာတဲ့အခါ ဝမ်းချုပ်တဲ့ အလေ့အထဖြစ်လာပါလိမ့်မယ်။ဒါကြောင့် လုပ်လက်စကို ဘေးချပြီး အိမ်သာဆီသာ အမြန်ပြေးပါ။

သံဓာတ်အားဆေးကို လျှော့ပါ 

သင်လက်ရှိသုံးစွဲနေတဲ့ ကိုယ်ဝန်ဆောင်အားဆေးမှာ သံဓာတ်ပမာဏ များများကြီးပါနေတယ်၊သင်လည်း သွးအားနည်းရောဂါဖြစ်မနေဘူး၊ဝမ်းချုပ်တဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သံဓာတ်နည်းပါးတဲ့ အားဆေးကို ပြောင်းသောက်သင့်ပါတယ်။ ဒါမှ အဆင်မပြေရင်တော့ ဝမ်းပျော့ဆေး၊ဝမ်းနှုတ်ဆေးသုံးစွဲဖို့ ဆရာဝန်ထံ အကြံဉာဏ်တောင်းခံပါ။

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ ပြဿနာရှိလား။

ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ဒါပေမယ့် ရှားရှားပါးပါးဆိုသလို တခြားရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။တကယ်လို့ သင်ဟာ ဆိုးဆိုးရွားရွား ဝမ်းချုပ်နေတဲ့အပြင် ဗိုက်အောင့်ဗိုက်နာမယ်၊တချီတချီမှာ ဝမ်းလျှောမယ်၊အကျိအချွဲတွေ၊သွေးတွေ ပါလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။
ဒါ့အပြင် ဝမ်းချုပ်လို့ အိမ်သာတက်တိုင်းညှစ်ရမယ်၊ဝမ်းတွေမာမယ်ဆိုရင် လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ် (လိပ်ခေါင်းဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဖစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုပါ)။လိပ်ခေါင်းတွေဟာ နေရထိုင်ရ မသက်မသာဖြစ်စေနိုင်ပေမယ့် ဆိုးဆိုးရွားရွား အခြေအနေတွေအထိ ဖြစ်ခဲပါတယ်။ကလေးမွေးပြီးချိန်မှာ လိပ်ခေါင်းဟာ သူ့အလိုလိုပျောက်သွားလေ့ရှိပါတယ်။ဒါပေမယ့် ပြင်းပြင်းထန်ထန်နာကျင်လာရင် သို့မဟုတ် ဝမ်းထဲသွေးပါလာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသရပါမယ်။

ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်းနဲ့ ပတ်သက်လို့ အတော်လေးသိရှိသွားလောက်ပါပြီ။ဒါဟာ ကြီးမားထူးခြားတဲ့ ပြဿနာတခုမဟုတ်ပေမယ့် ပေါ့ပေါ့လေးပစ်ထားသင့်တဲ့ အရာတခုလည်း မဟုတ်ပါဘူး။အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပေါက်ဆိန်နဲ့ပေါက်ရတဲ့ အခြေမဆိုက်ရလေအောင် ကြိုကြိုတင်တင်နဲ့ အစားအသောက်အနေအထိုင်တွေကို ဆင်ခြင်ပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလ ဝမ်းချုပ်ခြင်းကို အေးအေးသက်သာပဲ ဖြတ်ကျော်နိုင်မှာဖြစ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly