ဖခင်တိုင်းရင်းနွယ်နှင့် ၀င်ပြိုင်မည့် တိုင်းရင်းနွယ်လွှတ်တော်မတူ၍ ပယ်ချခံရသူ ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်က ပြန်လည်ခွင့်ပြု

ဖခင်တိုင်းရင်းနွယ်နှင့် ၀င်ပြိုင်မည့် တိုင်းရင်းနွယ်လွှတ်တော်မတူ၍ ပယ်ချခံရသူ ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်က ပြန်လည်ခွင့်ပြု

ရန်ကုန်၊ စက်တင်ဘာ ၄ ။ ။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ခွဲမှ ဖခင်နှင့်လူမျိုးမတူဟုဆို၍ အမည်စာရင်း ပယ်ဖျက်ခဲ့ရသော တိုင်းရင်းသားအမတ်လောင်းနှစ်ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအဖွဲ့က စက်တင်ဘာ ၃ ရက်၌ နေပြည်တော်တွင် ကြားနာစစ်ဆေးပြီး ပြန်လည်ခွင့်ပြုပေးခဲ့သည်။ ချင်းတိုင်းရင်းသားလူမျိုးလွတ်တော် အမတ်လောင်း ဒေါ်မိုင်စုစုလှိုင်နှင့် လားဟူတိုင်းရင်းသားလူမျိုး လွှတ်တော်အမတ်လောင်း ဦးယောသပ်တို့ နှစ်ဦးစလုံးမှာ ဖခင်၏ တိုင်းရင်းသားအနွယ်နှင့် ဝင်ပြိုင်မည့် တိုင်းရင်းသားအနွယ်လွှတ်တော် မတူညီ၍ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် တို့မှ ပယ်ချခြင်းဖြစ်သည်ဟုဆိုသည်။ ''ကျွန်တော့်ကို ၂၄ ရက်နေ့က ပြည်နယ်ကော်မရှင်က ခေါ်ယူစစ်ဆေးတယ်၊ အဖေက 'ဝ' လူမျိုး အမေက လားဟူလူမျိုးဖြစ်နေလို့ မရဘူးဆိုပြီး ပယ်ချတယ်။ ၂၀၁၀ တုန်းက အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဝင်းမြင့် အဖေက ရှမ်း၊ အမေက အင်းလူမျိုး၊ သူတောင်ရခဲ့တယ်လို့ ပြန်ရှင်းပြတာမရလို့ အယူခံဝင်တာပါ။'' ဟု ရှမ်းပြည်နယ်တွင် ဝင်ပြိုင်မည့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးယောသပ်က မဇ္ဈိမသို့ ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးပွင့်အားမေးမြန်းရာ တိကျသည့် အဖြေမရသဖြင့် တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးအား ဆက်သွယ်မေးမြန်းရာ ''ဦးယောသပ်ရဲ့အဖေက 'ဝ' လူမျိုးဆိုပေမယ့် သူက တလျှောက်လုံး လားဟူလူမျိုးတိုးတက်ရေး လုပ်လာတာ။ ၂၀၁၂ တုန်းကလည်း ဝင်ပြိုင်ခဲ့တယ်။ ဒါပေမယ့် ဒီနှစ်သတ်မှတ်လိုက်တဲ့ ညွှန်ကြားချက်က (လ.ဝ.က) ရဲ့ ကောက်ယူမှုအတိုင်း အဖေရဲ့လူမျိုးကို သာလျှင် တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်မယ်ဆိုတာကြောင့် ပယ်ချခံလိုက်ရတာပါ။'' ဟု ရှင်းပြသည်။ ရခိုင်ပြည်နယ်တွင် ဝင်ပြိုင်မည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်မိုင်စုစုလှိုင်သည်လည်း မိခင်မှာ ချင်းလူမျိုးဖြစ်ပြီး ဖခင်မှာ ဗမာလူမျိုးဖြစ်နေ၍ ပယ်ချခံခဲ့ရသည်ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောကြားသည်။ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလိုင်းမဝင်ဘဲ ဆက်သွယ်၍ မရခဲ့ပါ။ ပယ်ချခံခဲ့ရသည့် ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်အမတ်လောင်းနှင့် လားဟူတိုင်းရင်းသားလူမျိုး လွှတ်တော်အမတ်လောင်းတို့က အယူခံဝင်ခဲ့ခြင်းအား စစ်ဆေးကြားနာရေးအဖွဲ့က သက်ဆိုင်ရာ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတို့၏ လျှောက်ထားချက်များကို ကြားနာပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အကြံပြုချက်နှင့်အတူ တွေ့ရှိချက်၊ သုံးသပ်ချက်တို့အား တင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအဖွဲ့မှ ပြန်လည်အရွေးခံခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံပါ အမတ်လောင်း အရည်အချင်း သတ်မှတ်ချက်တွင်လည်း မိခင်/ဖခင် အနွယ်နှင့် ဝင်ပြိုင်မည့်လွှတ်တော် တိုင်းရင်းအနွယ် တူ/မတူ ဆိုသည့် အကြောင်းအရာများ ထည့်သွင်းထားခြင်း မရှိဘဲ နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ရမည်ဟုသာ ဆိုထားသည်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်က အမတ်လောင်း ၂၇ ဦး စရင်းပေးထားပြီး နှစ်ဦးပယ်ချခံရကာ တစ်ဦးမှာအယူခံအောင်ခဲ့၍ ၂၆ ဦးယှဉ်ပြိုင်မည်ဖြစ်သည်။ ပယ်ချခံရသည့် ကျန်တစ်ဦးမှာ မိခင်၊ ဖခင်နှစ်ဦးစလုံး အိန္ဒိယနိုင်ငံဖွားဖြစ်သောကြောင့် မယှဉ်ပြိုင်တော့ဟု ဦးငိုင်ဆာ့ခ်က ပြောသည်။ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ရှမ်းပြည်နယ်အတွင်း မြို့နယ် ၁၁ခုတွင် အမတ်လောင်း၂၉ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီး ငါးဦးပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly