လူမှုကွန်ရက်မှ လှုံ့ဆော်မှုများအားလုံး ငြိမ်းချမ်းသည့်လမ်းကြောင်းကို ရွေးချယ်ကြရန် မေတ္တာရပ်ခံ

လူမှုကွန်ရက်မှ လှုံ့ဆော်မှုများအားလုံး ငြိမ်းချမ်းသည့်လမ်းကြောင်းကို ရွေးချယ်ကြရန် မေတ္တာရပ်ခံ

ရန်ကုန်   သြဂုတ်   ၅ ။             ။ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးကို ရှေးရှုနေသည့်နိုင်ငံဖြစ်သောကြောင့် Facebook ပေါ်တွင် စည်းရုံး လှုံ့ဆော်ရေးလုပ်ပါက ငြိမ်းချမ်းသည့် လမ်းကြောင်းကိုသာ ရွေးချယ်အသုံးပြုကြရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင်က မေတ္တာရပ်ခံ ပြောကြားခဲ့သည်။

ရန်ကုန်မြို့ Orchid ဟိုတယ်၌ သြဂုတ်လ ၅ ရက်နေ့၊ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည့် Facebook အကြောင်း အကျိုး၊ အကောင်းအဆိုးစကားဝိုင်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒီ Facebook ပေါ်မှာ ကျွန်မတို့က စည်းရုံးရေးလုပ်လို့ရတယ်။ လှုံ့ဆော်ရေးလုပ်လို့ရတယ်။ စည်းရုံးရေးတို့ ၊ လှုံ့ ဆော်ရေးတို့ပြောရင် ကောင်းတဲ့ဘက်နဲ့ မကောင်းတဲ့ဘက် ၂ ဘက်ရှိတာပေါ့။ကောင်းတာကိုရော မကောင်း တာကိုရော စည်းရုံးလို့ရတယ်။ လှုံ့ဆော်လို့ရတယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံက ငြိမ်းချမ်းရေးကို ရှေးရှုနေတဲ့ နိုင်ငံဖြစ်တဲ့အတွက် မေတ္တာရပ်ခံချင်တာက စည်းရုံးရေးတို့ ၊ လှုံ့ ဆော်ရေးတို့လုပ်ပါ။ အဲဒီလိုလုပ်တဲ့အခါ ငြိမ်း ချမ်းတဲ့လမ်းကို လျှောက်ဖို့ ပြောချင်ပါတယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့် အောင်က ပြောသည်။

လက်ရှိအနေအထားတွင် Facebook အသုံးပြုမှုကြောင့် သတင်းအချက်အလက် စီးဆင်းမှုမြန်ဆန်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကိစ္စရပ်များ၊ လူမှုဆက်သွယ်ရေးကိစ္စများ အဆင်ပြေလာကြောင်း တရား လွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးကဆိုသည်။ ထို့အပြင် Facebook ပေါ်တွင် တိုင်းပြည်၏ နိုင်ငံရေးအခြေ အနေများ ထင်ဟပ်နေသည့် အပြင် အချို့ကလည်း နိုင်ငံရေးအရဝါဒဖြန့်ချရေးနှင့် စည်းရုံးရေးလုပ်ငန်းများဆောင်ရွက် နေကြသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကပြောသည်။

" ဒီအစိုးရကို ချောက်ချဖို့လုပ်နေတာတွေလည်းရှိတယ်။ ပြည်သူလူထုကလည်း ပါးပါးနပ်နပ်နဲ့ သူတို့တွေကို မ ထောက်ခံပါဘူး။အဲဒီတော့ Facebook က အကောင်းက ၆၀၊ အဆိုးက ၄၀ ရာခိုင်နှုန်းရှိတယ်။ ဘယ်သူက ဘယ်သူ့အတွက် သုံးသလဲဆိုတာက ပြသနာဖြစ်တယ်။ နိုင်ငံရဲ့အခြေအနေက ဒီမှာ ပေါ်နေတယ်။ ဘယ်ကိစ္စ ပြသနာတက်နေတယ်။ ဘယ်ကိစ္စ ဘယ်လိုဖြစ်သလဲ ပေါ်မယ်။ စစ်အာဏာရှင်တွေနဲ့ ဒီမိုကရေစီလိုလားသူ တွေ တိုက်ပွဲက ဒီမှာထပ်ဖြစ်နေတယ်။" တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

လက်ရှိနိုင်ငံခြေအနေအရ လူများသည် စိတ်ထွက်ပေါက်လိုအပ်နေကြသောကြောင့် လမ်းပေါ်ထွက်အော်မရ သည့်အခါ Facebook ပေါ်တွင် မိမိတို့၏ခံစားချက် မကျေနပ်ချက်များကို ရင်ဖွင့်ရခြင်းအပေါ် စွဲလန်း လာကြသည်ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလူမင်းက ပြောသည်။

" ကျွန်တော်တို့ တိုင်းပြည်အခြေအနေက အခြားတိုင်းပြည်အခြေအနေတွေနဲ့မတူပါဘူး။ ကျွန်တော်တို့ဆီက လူတွေဟာ ထွက်ပေါက်လိုအပ်နေတဲ့လူများစုရှိတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီ Facebook ကြီးကို လူအများစုက ထွက်ပေါက်တစ်ခုလို အသုံးချနေကြတဲ့အတွက် မလိုလားအပ်တဲ့ ဒေါသတွေ မောဟတွေ အမှောင် ဖုံးနေတာဖြစ်ပါတယ်။ လူအများကြားအောင် လမ်းပေါ်ထွက် အော်လို့မရတဲ့အခါ Facebook ပေါ်က ကိုယ့်ရဲ့ မကျေနပ်ချက်တွေ ခံစားချက်တွေ ရင်ဖွင့်ရတာကို မူးယစ်ဆေးစွဲသလို စွဲလန်းလာကြပါတယ်။" ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလူမင်းက ပြောသည်။.

အဆိုပါဆွေးနွေးပွဲတွင် စာရေးဆရာ၊ အယ်ဒီတာ ဦးဝင်းငြိမ်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလူမင်း၊ အဆို တော် သားစိုးနှင့် ဥပဒေရေးရာကျွမ်းကျင်ပညာရှင်များလည်း ဦးဆောင်ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly