မြန်မာယူ၂၁ အသင်း တရုတ်တွင်ကျင်းပမည့် ယူ၂၁ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက်မည်

မြန်မာယူ၂၁ အသင်း တရုတ်တွင်ကျင်းပမည့် ယူ၂၁ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက်မည်

သြဂုတ် ၅ ။           ။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပမည့် အသက် ၂၁ နှစ်အောက် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲသို့ မြန်မာ ယူ၂၁ အသင်းသွားရောက်ယှဉ်ပြိုင်မည်   ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ချက်အရ သိရသည်။

လာမည့် စက်တင်ဘာ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ မြန်မာ ယူ၂၁ အသင်းနှင့်အတူ အိမ်ရှင် တရုတ် ယူ၂၁၊ ဥဇဘတ်ကစ္စတန် ယူ၂၁၊ တာဂျစ်ကစ္စတန် ယူ၂၁ အသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဆိုပါ လေးနိုင်ငံ ဖိတ်ခေါ်ဖလားသို့ မြန်မာအသင်း လာရောက်ယှဉ်ပြိုင်ရန် တရုတ်ဘောလုံးအဖွဲ့ချုပ်မှ ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ ယူ၂၁ အသင်းဖွဲ့စည်းရေးအတွက် ကစားသမားရွေးချယ်ရေးကို  သြဂုတ် ၆ ရက်နေ့နှင့် သြဂုတ် ၇ ရက်နေ့တို့တွင်  ပဏာမ ကစားသမား ၅၀ ဦးဖြင့် YTC ကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပဏာမ ကစားသမား ၅၀ ဦးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးထားသည့် Scouting အဖွဲ့မှ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များနှင့် ယူ ၂၁ လိဂ်ပွဲစဉ်များအား လိုက်လံကြည့်ရှုကာ စိစစ်ရွေးချယ်ထားခြင်း ဖြစ်သည်ဟု MFF မှ သိရသည်။

အဆိုပါ မြန်မာ ယူ၂၁ အသင်းအား နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ဆောင်ရွက်မည်ဖြစ်ပြီး အပြီးသတ်လူစာရင်း ရွေးချယ်ပြီးပါက စခန်းဝင် လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ့ယူ၂၁အသင်းအနေဖြင့် လာမည့် ၂၀၁၉ ခုနှစ်အတွင်းတွင် အာဆီယံယူ၂၂ ပြိုင်ပွဲ၊ အာရှယူ၂၃ခြေစစ်ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲတို့ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိသဖြင့်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ ၂၀၁၇ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ၊ ၂၀၁၈ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ထားခဲ့ပြီး ယခုထပ်မံ ဝင်ရောက်ယှဉ် ပြိုင်ကာ ပြင်ဆင်ခြင်း ဖြစ်သည်ဟု MFF မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly