ငါးဖမ်းရေယာဉ်စောင့်ကြည့်ကိရိယာ VMS တပ်ဆင်ရေးမှာ အစိုးရဖက်မှ ဆောင်ရွက်ပေးစေလိုဟု မြိတ်ရေလုပ်ငန်းရှင်များ ဆို

ငါးဖမ်းရေယာဉ်စောင့်ကြည့်ကိရိယာ VMS တပ်ဆင်ရေးမှာ အစိုးရဖက်မှ ဆောင်ရွက်ပေးစေလိုဟု မြိတ်ရေလုပ်ငန်းရှင်များ ဆို

မြိတ်၊ သြဂုတ်လ ၅ ။              ။ တနင်္သာရီတိုင်း မြိတ်မြို့နယ်ရှိ ကမ်းဝေး ငါးဖမ်း ရေယာဉ်များတွင် ငါးလုပ်ငန်းမှ တပ်ဆင်ခိုင်းသော စောင့်ကြည့်ကိရိယာ(Vessel Monitoring System VMS)တပ်ဆင်ရေးအတွက် ပစ္စည်း မည်သို့ဝယ်ရမည်ကို တိတိကျကျမသိရသေးဘဲ အစိုးရဖက်မှ လုပ်ဆောင်ပေးစေလိုကြောင်း ရေလုပ်ငန်းရှင်များက ပြောဆိုလိုက်သည်။

“ဒီ VMS စနစ်က တပ်ဆင်ဖို့ ကျွန်တော်တို့ ငါးလုပ်ငန်းရှင်တွေ အားလုံး သဘောတူပြီးသား ဖြစ်ပါတယ်၊ တပ်လည်း တပ်ဆင်ချင်ကြပါတယ်၊ ဒီစနစ်ကို တပ်ခြင်းအားဖြင့်လည်း ကျွန်တော်တို့ ငါးဖမ်းလှေတွေကို စောင့်ကြည့်နိုင်မှာ ဖြစ်သလို အားလုံးက သဘောတူပေမယ့် အဲ့ဒီစက်ကို ဘယ်မှာ ဝယ်ရမလဲ၊ ဘယ်လို တပ်ဆင်ရမလဲဆိုတာ တိတိကျကျ မသိသေးလို့ တပ်ဆင်ဖို့ ခက်ခဲနေတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းက ပြောသည်။

၂၀၁၈- ၂၀၁၉ ငါးဖမ်း ရာသီတွင် မြန်မာ့ပင်လယ်ပြင်ရှိ ကမ်းဝေးငါးဖမ်းရေယာဉ်များတွင် ငါးဖမ်းစက်လှေစောင့်ကြည့် ကိရိယာစနစ် (VMS) တပ်ဆင်ရန် ညွှန်ကြားချက် အမှတ် ၅/၂၀၁၈ အား ၂၀၁၈ ခုနှစ်၊ မတ်လ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန် ထားခြင်း ဖြစ်သည်။

ထို့ပြင် တနင်္သာရီတိုင်းအတွင်းရှိ ငါးဖမ်းရေယာဉ်အများစုသည် လာမည့် သြဂုတ်လ ၃၁ ရက်နေ့တွင် လိုင်စင်သက်တမ်းကုန်မည်ဖြစ်ပြီး လိုင်စင်သက်တမ်းတိုးပါက VMS စနစ်ကို တပ်ဆင်မှသာလျှင် ငါးဖမ်းလိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း အစိုးရဖက်မှ ကြေညာထားသည်။

သို့ဖြစ်၍ ရေလုပ်ငန်းရှင်များဖက်မှ VMS တပ်ဆင်ရန် သဘောတူသော်လည်း တပ်ဆင်ရေးပစ္စည်းနှင့်ပတ်သက်ပြီး တိတိကျမသိသေးဖြစ်နေသောကြောင့် အစိုးရဖက်မှ လုပ်ဆောင်ပေးရန် တောင်းဆိုသွားမည်ဟု သိရသည်။

ရေလုပ်ငန်းရှင်များ စုပေါင်းကာ ပြီးခဲ့သည့်ရက်ပိုင်းက မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ အစည်းဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ယင်း အစည်းဝေးကို မြိတ်မြို့နယ်မှ ကမ်းဝေး ငါးဖမ်းရေယာဉ် ပိုင်ရှင် လူ ၁၀၀ ဦးကျော် တက်ရောက်ခဲ့သည်။

ယခုနှစ် ၂၀၁၈- ၂၀၁၉ ငါးဖမ်းရာသီတွင် လိုင်စင် ထုတ်ပေးသည့်အခါတွင် VMS တပ်ဆင်ပြီးမှ ထုတ်ပေးနိုင်ရန် အစိုးရမှ ညွှန်ကြားချက်နှင့် လိပ်လွတ်မြောက်ရေးကိရိယာ တပ်ဆင်ရန် ညွှန်ကြားချက် ထုတ်ပြန်မှုအပေါ် ဖြေလျှော့ပေးရန် လိုအပ်ကြောင်း ဆွေးနွေးသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များက ပြောဆိုခဲ့ကြသည်။

VMS စနစ် တပ်ဆင်ရန်အတွက် အမိန့် ညွန်ကြားချက်များ ထုတ်ပြန်ထားသော်လည်း ယင်း စက်ကကိရိယာပစ္စည်းများကို အသုံးပြုနိုင်ရန် နည်းပညာပိုင်းအချို့ ခက်ခဲမှု ရှိနေကြောင်း မြိတ်ဒေသရှိ ရေလုပ်ငန်းရှင်များက ပြောဆိုသည်။

မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်က” ဒီတနှစ် အခုလာမယ့် ငါးဖမ်းရာသီမှာ ဘာလဲဆိုရင် လိုင်စင်သက်တမ်းတိုးဖို့အတွက် အခုချိန်အထိ စာအုပ်က မထွက်လာသေးဘူး၊ လိုင်စင်သက်တမ်းက သြဂုတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်၊ ဒေသခံ ကမ်းဝေး ငါးဖမ်းလှေတွေ အားလုံး ပါပါတယ်၊ ပြီးခဲ့တဲ့နှစ်တွေက လိုင်စင်သက်တမ်း တိုးလို့ လွယ်ပေမယ့် ဒီတစ်နှစ်က လိုင်စင်သက်တမ်း တိုးဖို့ စာက အခုချိန် အထိ ထွက်မလာသေးဘူး၊ ဒါက ဘာကြောင့် မထွက်လာသေးလဲဆိုတော့ ၊ ကျွန်တော်တို့မှာ ဘာတစ်ချက် အတားဆီးဖြစ်နေလဲဆိုတော့ ငါးလုပ်ငန်းရှင်တွေ အားလုံး သိရှိပြီး ဖြစ်တဲ့ VMS စနစ်ကို တပ်ဆင်မှသာလျှင် ငါးဖမ်းလိုင်စင် ထုတ်ပေးမယ်ဆိုပြီး အစိုးရက စာနဲ့ထုတ်ပြန်ထားတာ တွေ့ရတယ်”ဟု ပြောဆိုသည်။

ကျွန်းများတွင် VMS ဆက်သွယ်ရေးနဲ့ ဆက်စပ်သည့် အဆောက်အဦနှင့် စက်ကိရိယာများ၊ စက်ပစ္စည်း ကိရိယာများကို ယူရိုသန်း ၇၀ ကုန်ကျခံ၍ တပ်ဆင်ရမည် ဖြစ်ကာ ယင်း စက်ကိရိယာများကို လုပ်ငန်းရှင်များ အနေဖြင့် တပ်ဆင်လို့ မရဘဲ နိုင်ငံတော်အနေနဲ့ စီစဉ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ငါးလုပ်ငန်းရှင်များက တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်နှင့် အခြား တိုင်းနယ်/ ပြည်နယ် အသီးသီးမှ ကမ်းဝေး ငါးဖမ်းရေယာဉ်များ အစီးရေ ၃၀၀၀ ကျော်သည်၊ VMS ဆက်သွယ်ရေး ကိရိယာကို အစိုးရမှ ညွှန်ကြားချက်အတိုင်း တပ်ဆင်သွားရန် သဘောတူမှု ရှိနေပြီး၊ လက်ရှိမှာ နည်းပညာပိုင်းအရ ခက်ခဲနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly