မုံရွာတွင် စိုးရိမ်ရေမှတ်အထက်ရောက်နိုင်၊ မြစ်ကမ်းအနီးနေသူများ သတိပြုနေထိုင်ရန် မိုးဇလ ထုတ်ပြန်

မုံရွာတွင် စိုးရိမ်ရေမှတ်အထက်ရောက်နိုင်၊ မြစ်ကမ်းအနီးနေသူများ သတိပြုနေထိုင်ရန် မိုးဇလ ထုတ်ပြန်

ရန်ကုန် သြဂုတ် ၄ ။         ။ မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေသည် နောက် ၃ ရက် အတွင်း မြို့၏စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ပြီး မြစ်ကမ်း အနီးနေထိုင်သူများ သတိပြုနေထိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ သတိပေးထားသည်။

ယနေ့ နေ့လည် ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့် ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သြဂုတ်လ ၄ ရက်နေ့တွင် မိုးဇလမှ ထုတ်ပြန်ထားသည်။

မုံရွာမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြု နေထိုင်ကြပါရန်လည်း မိုးဇလမှ  အကြံပြုထားသည်။

ယနေ့တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနေပြီး နောက် ၂ ရက် အတွင်းလည်း ဆက်လက်အားကောင်းနေမည်ဖြစ်သည်။

မနက်ဖြန် သြဂုတ်လ ၅ ရက်နေ့နံနက်အထိ ခန့် မှန်းချက်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသ ကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲ ရွာနိုင်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မြန်မာ့ပင်လယ်ပြင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်နိုင် သည်။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်(၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန် ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly