ကလေးများ၏ကုန်ကျစရိတ်အတွက် ပိုမိုထောက်ပံ့ပေးရန် ဘရစ်တနီ၏ ခင်ပွန်းဟောင်း ကယ်ဗင်ပြော

ကလေးများ၏ကုန်ကျစရိတ်အတွက် ပိုမိုထောက်ပံ့ပေးရန် ဘရစ်တနီ၏ ခင်ပွန်းဟောင်း ကယ်ဗင်ပြော

သြဂုတ် ၄ ။            ။ ဘရစ်တနီစပီးယားစ်ရဲ့ ခင်ပွန်းဟောင်း ကယ်ဗင်ဖီတာလိုင်းဟာ သားလေးနှစ်ယောက်ရဲ့ အထွေထွေကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး ဘရစ်တနီ့ကို ပိုတောင်းလာတဲ့အတွက် ဘရစ်တနီနဲ့ ၎င်းရဲ့ရှေ့နေအဖွဲ့ဟာ ပြီးခဲ့တဲ့သောကြာနေ့က လော့စ်အိန်ဂျလိစ်တရားရုံးမှာ ကယ်ဗင်ဖီတာလိုင်းနဲ့ တရားရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

သားနှစ်ယောက်ရဲ့ကျောင်းစရိတ်၊ စားစရိတ်၊ တခြားအထွေထွေကုန်ကျစရိတ်အတွက် ဘရစ်တနီဟာ တစ်လကို ဒေါ်လာ ၂၅၀၀၀ ကနေ ၃၅၀၀၀ အထိ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

သို့ပေမယ့် ခင်ပွန်းဟောင်း ကယ်ဗင်ဟာ သားနှစ်ယောက်အတွက် တစ်လကို ဒေါ်လာ ၆၀၀၀၀ ပေးဖို့ ဘရစ်တနီ့ကိုတောင်းဆိုလာပါတယ်။

သားနှစ်ယောက်ရဲ့ကုန်ကျစရိတ်အတွက် တစ်ပြားမှ မထောက်ပံ့တဲ့အပြင် ယခုလိုတောင်းဆိုလာတဲ့အတွက် ဒေါ်လာ ၁၀၀၀၀ ပဲထပ်တိုးပေးနိုင်မယ်လို့ ဘရစ်တနီနဲ့ ၎င်းရဲ့ ဖခင် ဂျေမီစပီးယားစ်တို့က ညှိနှိုင်းထားတာ ဖြစ်ပါတယ်။

Las Vegas Residency ရှိုးပွဲကြီးကို ၂၀၁၃ ကနေ ၂၀၁၇ ခုနှစ်အထိ ကျင်းပခဲ့ပြီး ဘရစ်တနီရဲ့ ဝင်ငွေဟာ ဒေါ်လာ ၁၃၅ သန်းအထိရခဲ့ပါတယ်။ ဒါကြောင့်လည်း ကယ်ဗင်က အမြတ်ထုတ်ချင်နေတာဖြစ်ပါတယ်။

ဘရစ်တနီနဲ့ ကယ်ဗင်တို့ဟာ ၂၀၀၇ ခုနှစ်ကတည်းက ကွာရှင်းခဲ့ကြတာဖြစ်ပြီး ဘရစ်တနီနဲ့ရတဲ့ သားနှစ်ယောက်အပြင် ကယ်ဗင့်မှာ တခြားကလေး၄ယောက် ရှိသေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly