ဘဏ္ဍာရေးနှစ်ရန်ပုံငွေသုံးစွဲမှုများတွင် ပိုလျှံငွေများ အချိန်မီ အပ်နှံမှုမရှိကြောင်း စီစစ်တွေ့ရှိ

ဘဏ္ဍာရေးနှစ်ရန်ပုံငွေသုံးစွဲမှုများတွင် ပိုလျှံငွေများ အချိန်မီ အပ်နှံမှုမရှိကြောင်း စီစစ်တွေ့ရှိ

သြဂုတ် ၄၊ ပုသိမ် ။            ။ ဘဏ္ဍာရေးနှစ် ရန်ပုံငွေသုံးစွဲရာတွင် ပိုလျှံငွေများ အချိန်မီ အပ်နှံမှု မရှိသည်များကို စီစစ်တွေ့ရှိခဲ့ကြောင်း ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီက တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ သုံးစွဲမှုများနှင့်ပတ်သက်ပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီးစာရင်းစစ်ချုပ် အစီအရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်များအား  ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၂ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သောအဖွဲ့အစည်း၂၃ဖွဲ့တွင် အဖွဲ့အစည်း ၁၀ဖွဲ့မှ ပိုလျှံငွေ အပြည့်အ၀ အပ်နှံခဲ့ပြီး အဖွဲ့အစည်း ၁၃ ဖွဲ့မှ ကျပ်သန်း ၃၉.၆၇၄ အား ပြန်လည်အပ်နှံမှု မရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အမှန်တကယ်သုံးစွဲရန် လိုအပ်သည့် ဖြည့်စွက်ခွင့်ပြုငွေများကိုလည်း ပြန်လည်အပ်နှံခြင်းလည်း တွေ့ရှိခဲ့ရပြီး စည်းကမ်းနှင့် မကိုက်ညီကြောင်းပါ တင်ပြခဲ့သည်။

ထို့ကြောင့် ဌာနအဖွဲ့အစည်းများမှ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ အချိန်မီအပ်နှံရန် လိုအပ်ခြင်း၊ ဖြည့်စွက်ခွင့်ပြုငွေမှာ ဌာန ၁၀ ခု ကျပ်သန်း ၆၄၆.၃၀၃ ပြန်လည်အပ်နှံခြင်းသည့် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီမှုမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးရာကော်မတီက လွှတ်တော်သို့ တင်ပြသည်။

ထူးခြားသော စစ်ဆေးတွေ့ရှိချက်များတွင် တွက်ချက်မှုမှားယွင်းခြင်း၊ဝန်ထမ်းများ၏ လစာစရိတ်၊ ခရီးစရိတ် တွက်ချက်မှုများ နားမလည်ခြင်း၊စာရင်းတစ်ခုနှင့်တစ်ခု Check & Balance ပြုလုပ်မှု အားနည်းခြင်း၊ အထက် အဆင့်ဆင့်တာဝန်ရှိသူများ ကြီးကြပ်မှုအားနည်းခြင်းများကြောင့် မှားယွင်းမှုများ ဖြစ်ပေါ်ခြင်း ဖြစ်ကြောင်းကို ကော်မတီက စာရင်းစစ်ချုပ်အစီအရင်ခံစာအပေါ်   တွေ့ရှိချက်အား ကော်မတီက သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

ကော်မတီ က“သာမန်အသုံးစရိတ်၊ငွေလုံးငွေရင်းအသုံးစရိတ်များတွင် ပိုလျှံငွေဖြစ်ပေါ်သော ဌာနများသည် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြန်လည်အပ်နှံရန် အမှန်တကယ်သုံးစွဲမည့် အသုံးစရိတ်များကိုသာ တင်ပြတောင်းခံခွင့်ပြုရန် နှင့် ပိုလျှံငွေများ ၊ ပိုသုံးငွေများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ အလေးထားဆောင်ရွက်ရန်၊ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေသည် အမှန်တကယ်သုံးစွဲရန် လိုအပ်သောကြောင့် ပြန်လည်အပ်နှံထားခြင်းသည် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီခြင်းမရှိပါ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက ဂရုပြုဆောင်ရွက်ရန်”ကော်မတီက တိုင်းဒေသကြီးအစိုးရအား တိုင်းလွှတ်တော်မှ တဆင့် အကြံပြုခဲ့သည်။

နိုင်ငံတော်သို့ပြန်လည်ပေးသွင်းငွေများ တာဝန်ရှိသူများမှ ဂရုပြုအလေးထားဆောင်ရွက်ပါက မမှားသင့်သော အမှားများဖြစ်ပြီး တာဝန်ရှိသူများက အဆင့်ဆင့်ကြီးကြပ်ဂရုပြုဆောင်ရွက်ရန် အကြံပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly