ကျားပေါက်ရဲ့ပန်းချီကားတွေပါဝင်မယ့် Myanmar Abstract Artists ပန်းချီပြပွဲ ပြုလုပ်မည်

ကျားပေါက်ရဲ့ပန်းချီကားတွေပါဝင်မယ့် Myanmar Abstract Artists ပန်းချီပြပွဲ ပြုလုပ်မည်

ရန်ကုန် သြဂုတ် ၄ ။            ။ အဆိုတော်ကျားပေါက်အပါအဝင် လူငယ်ပန်းချီဆရာတွေရဲ့ ပန်ချီကားတွေကို စုစည်းပြသမယ့် Myanmar Abstract Artists လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့မှာ ပြုလုပ် သွားမယ်လို့ သိရပါတယ်။

အဲဒီပန်းချီပြပွဲနဲ့ပတ်သက်ပြီး သြဂုတ်လ ၄ ရက် နေ့က ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ စာနယ်ဇင်း မိတ်ဆက်ပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

"အဓိက ဒီပွဲလုပ်ရတဲ့အကြောင်းအရင်းကတော့ မြန်မာနိုင်ငံမှာ Abstract ပန်းချီကိုလက်ခံနိုင်တဲ့ အတိုင်းအတာနည်းတဲ့အတွက်ကြောင့်မို့လို့ Abstract ပန်းချီနဲ့ ပန်းချီခံစားသူတွေနဲ့ ထိတွေ့မှု ပိုရ လာအောင် ပြပွဲတွေအကြိမ်ကြိမ်ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ Abstract ကိုတချို့က စိတ္တဇပန်းချီ။ ဒြပ်မဲ့ပန်းချီဆိုပြီး ခေါ်တယ်။ စိတ္တဇပန်းချီဆိုကတည်းက စိတ္တဇဆန်တဲ့အတွေးအခေါ်တွေများရှိ သလားလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ အဓိကက အတွေးအခေါ်ရယ်၊ခံစားမှုရယ်၊အတတ် ပညာရယ် ၃ မျိုးပေါင်းမှ အနုပညာဆိုတာဖြစ်တာ။" လို့ ပန်းချီပြပွဲစီစဉ်သူ ပန်းချီဆရာ ကိုဇေလတ်က ပြောပါတယ်။

Myanmar Abstract Artists ပန်းချီပြပွဲကို ၂၀၁၅ ခုနှစ်ကတည်းက နှစ်စဉ်ပြသခဲ့တာဖြစ်ပြီး အခု ၅ ကြိမ်မြောက်ပြပွဲမှာ အဆိုတော် ကျားပေါက်ရဲ့ ပန်းချီကား ၃ ကားလည်း ပါဝင်ပြသသွားမယ် လို့ သိရပါတယ်။

" ကျားပေါက်နဲ့ ကျွန်တော်တို့က သူ့ပွဲတွေမှာ ခင်ရင်းကနေ ရင်ဘက်ချင်းနီးကြတယ်။ သူလည်း Abstract ကားတွေရေးနေတယ်။ ဒီပွဲပြီးရင် သူ့ပွဲလည်းရှိသေးတယ်။ ၂၀၁၈ ပွဲကျမှ ကျားပေါက်က ကျွန်တော်တို့အဖွဲ့ထဲ ပါဖြစ်သွားတာပေါ့။ သူက Music ပိုင်းတင်မဟုတ်ဘူး။ ပန်းချီနဲ့ပတ်သက်တဲ့ ခံစားမှုလည်းကောင်းတယ်။" လို့ ပန်းချီ ဆရာကိုဇေလတ်က ပြောပါတယ်။

ဒီပန်းချီပြပွဲမှာ လူငယ်ပန်းချီပညာရှင် ၁၆ ဦးရဲ့ ဆီဆေး၊ ရေဆေး Abstract ပန်းချီကားပေါင်း ၆၀ နဲ့ ပန်းပုရုပ် ၂ ရုပ်တို့ပါဝင်မှာဖြစ်ပြီး ရန်ကုန်မြို့၊ လောကနတ် ပန်းချီပြခန်းမှာ လာမယ့်သြဂုတ်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၃ ရက်တာ ပြု လုပ်သွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly