အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အအေးခန်းစက်ရုံအလုပ်သမား ရ ဦး မူးလဲ

အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အအေးခန်းစက်ရုံအလုပ်သမား ရ ဦး မူးလဲ

မြိတ်၊ သြဂုတ်လ ၄ ။         ။ တနင်္သာရီတိုင်း မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင်စက်မှုဇုန်ရှိ အအေးခန်း စက်ရုံ တစ်ရုံဖြစ်သည့် အဆောင်ကောင်းကုမ္ပဏီတွင် သြဂုတ်လ ၃ ရက်နေ့ ညပိုင်းက စက်ရုံအတွင်း အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အလုပ်သမား ၇ ဦး မူးဝေအော့အန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၃ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အဆောင်ကောင်း (A.S.K ANDAMAN LTD) ကုမ္ပဏီ အအေးခန်းစက်ရုံရှိ အဆောင်နေအလုပ်သမားများနှင့် ညပိုင်း တာဝန်ကျ အလုပ်သမား စုစုပေါင်း ၇ ဦးသည်၊ အသက်ရှူကြပ်၍ မူးဝေအော့အန်ကာ မြိတ်ပြည်သူ့ ဆေးရုံသို့ အရေးပေါ်  ပို့ဆောင်ဆေးဝါးကုသခဲ့ရကြောင်း ယင်း အအေးခန်း စက်ရုံမှ အလုပ်သမားများထံမှ သိရသည်။

“စက်ရုံထဲမှာ ဖြတ်သွား ဖြတ်လာ လုပ်ရင်းနဲ့ အငွေ့တွေ ရှူရှိုက်မိပြီး၊ မူးလဲသွားတာပါ၊ ကိုယ်ခံအား နည်းတဲ့ သူတွေကတော့ အသက်ရှူလမ်းကြောင်းတွေ ပိတ်ပြီး ခံစားရပါတယ်၊ ဖြစ်တာက အမျိုးသမီး ၆ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၇ ဦး ” ဟု ယင်းအငွေ့အား ရှူရှိုက်မိသူ အသက် ၂၀ နှစ်ကျော် အမျိုးသမီး အလုပ်သမား တစ်ဦးက ပြောဆိုသည်။

မြိတ်ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ် လူနာဌာနတွင် လူနာများ ရောက်ရှိလာ၍ ကုသပေးခဲ့ကြောင်း သိရသည်။

“လူနာတွေကတော့ ညက ဆေးရုံကို တက်လာပါတယ်၊ ၅ ဦးလောက်ကတော့ သက်သာသွားလို့ ဆေးရုံမှ ပြန်ဆင်းသွားပါပြီး၊ ကျန်တဲ့ အမျိုးသမီး ၂ ဦးကတော့ အငွေ့ရှူများလို့ မသက်သာသေးပါဘူး၊ လက်ရှိ အချိန် အထိ ဆေးကုသခံနေရ သေးကြောင်း” မြိတ်ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ် လူနာဌာနမှ တာဝန်ကျ ဆရာဝန်များထံမှ သိရသည်။

ယင်း ဖြစ်စဉ်ကြောင့် အလုပ်သမား ၇ ဦးသည်၊ ဆေးဝါးကုသမှု အပိုင်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီမှ တာဝန်ရှိသူ များက လိုက်လံကူညီဆောင်ရွက် ပေးနေကြောင်း အလုပ်သမားများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly