ဆင်သတ်မုဆိုးသတင်းပေးပါက ကျပ်သိန်း ၃၀ အထိ ဆုကြေးပေးနေ၍ ဆင်သတ်မှု လျော့ကျလာဟုဆို

ဆင်သတ်မုဆိုးသတင်းပေးပါက ကျပ်သိန်း ၃၀ အထိ ဆုကြေးပေးနေ၍ ဆင်သတ်မှု လျော့ကျလာဟုဆို

ရန်ကုန် သြဂုတ် ၄ ။          ။ ဆင်သတ်ဖြတ်ခံရမှုအများဆုံးဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆင်သတ်မုဆိုးများနှင့်ပတ်သက်၍ သတင်းပေးသူများကို ဆုကြေးငွေများချီးမြှင့်ပေးနေသောကြောင့် ဆင်သတ်ဖြတ်ခံရမှုများ နည်းပါးလာကြောင်း မြန်မာနိုင်ငံတောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ WWF- Myanmar မှ အကြီးတန်းဆက်သွယ် ဆက်ဆံရေး အရာရှိ ဦးရဲမင်းသွင်က မဇ္ဈိမသို့ ပြောသည်။

ဒေသခံများအားဆင်သတ်မုဆိုးများနှင့်ပတ်သက်၍ သတင်းပေးရန်စည်းရုံးမှုများဆောင်ရွက်နေပြီး ဆုကြေးငွေကို အမြင့်ဆုံး ကျပ်သိန်း ၃၀အထိ ချီးမြှင့်ကြောင်း သိရသည်။

"ဆုကြေးငွေကတော့ အမျိုးမျိုးပေါ့။သူတို့ပေးတဲ့သတင်းအပေါ်မူတည်ပြီး ဆုကြေးငွေကျပ်သိန်း ၃၀အထိ ချီးမြင့်ပေးသွားမယ်။သတင်းပေးတာတွေလည်းရှိတယ်။အရင်၂ ကြိမ် ၃ကြိမ်လောက်သတင်းပေးတိုင်ကြား မှုတွေကြောင့် တရားခံတွေ ဖမ်းဆီးရမိတာတွေရှိတယ်။" ဟု WWF- Myanmar မှ အကြီးတန်းဆက်သွယ် ဆက်ဆံရေးအရာရှိ ဦးရဲမင်းသွင်က ပြောသည်။

သတင်းပေးသူများ၏ လုံခြုံရေးအတွက် နာမည်နှင့်ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးနေပြီး ၂၀၁၇ ကလည်း ငပုတောမှသတင်းပေးသူဒေသခံတစ်ဦးကို ဆင်သတ်မုဆိုးများဖမ်းဆီးမိသည့်အခါ ကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

" ဒေသခံတွေပူးပေါင်းပါဝင်လာမှုက အားရစရာကောင်းပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းဆင်သတ်ခံရမှုတွေက ကျဆင်းလာတယ်လို့ ပြောလို့ရတယ်။ ဒီဧရာဝတီတိုင်းအတွင်းမှာ ပုံမှန်ကင်းလှည့်တာတို့ ဆင်တွေ တည်နေရာ မှတ်သားတာတို့ တောဆင်ရိုင်းတွေ လူနေထိုင်ရာအနီးရောက်မလာအောင် ထိန်းတာတို့ ဆောင်ရွက်နေကြ ပါတယ်။" ဟု WWF- Myanmar မှ အကြီးတန်းဆက်သွယ်ဆက်ဆံရေးအရာရှိ ဦးရဲမင်းသွင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ စာရင်းများအရ ၂၀၁၁ ခုနှစ်မှ၂၀၁၈ ခုနှစ် မေလအထိ ၇ နှစ်တာကာလ အတွင်း ဧရာဝတီတိုင်းရှိ တောဆင်ရိုင်း ၅၉ကောင်မှာ အစွယ်၊ အရေပြား၊ နှာမောင်းနှင့် ဆင်အသားများ ရယ ရောင်းချသည့် ဆင်သတ်မုဆိုးများလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

တောဆင်ရိုင်းသတ်ဖြတ်မှုများမဖြစ်ပွားစေရန် ပြည်ထောင်စုအစိုးရကလည်း တောဆင်ရိုင်းများ ကျက်စားရာ ဒေသများတွင် သစ်တောရဲတပ်ဖွဲ့များကို ချထားတာဝန်ပေးခဲ့ပြီး နယ်မြေရဲတပ်ဖွဲ့များကိုလည်း ဆင်သတ်မှုများ ကာကွယ်ရေးနှင့် ဆင်သတ်တရားခံများအား ထိရောက်စွာဖမ်းဆီးအရေးယူရန် ညွှန်ကြားမှုများ ပြုလုပ်ထား ကြောင်း သိရသည်။

တောဆင်ရိုင်းများကို ဆင်သတ်မုဆိုးများက အဆိပ် လူးမြား၊ တူမီးသေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်၍ အစွယ်၊ အရေပြား၊ အသားနှင့်အမြီးများကိုလှီးဖြတ်ရယူကာ တောရိုင်းတိရစ္ဆာန်ကုန်သည်များမှတဆင့် တရုတ်ပြည်နယ်စပ်သို့ တင်ပို့ရောင်းချလေ့ရှိပြီး ကိုယ်ဝန်ဆောင်ဆင်မများနှင့် ဆင်ပေါက်များလည်း သတ်ဖြတ်ခံနေရကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ၁ ပတ်လျှင်တောဆင်ရိုင်းတစ်ကောင်နှုန်း သတ်ဖြတ်ခြင်း ခံနေရပြီး ဤနှုန်းအတိုင်းဆက်သွားပါက မြန်မာ့မြေပေါ်တွင်ဆင်ပျောက်ကွယ်သွားတော့မည်ဟု မြန်မာနိုင်ငံတောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် WWF- Myanmar က ထုတ်ပြန်ထား သည်။

တောဆင်ရိုင်း သတ်ဖြတ်မှုများမှာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း ဈေးကွက်ဝယ်လိုအား မြင့်တက်လာမှုအရ ၂၀၁၃ ခုနှစ်မှစတင်၍သတ်ဖြတ်မှုများ ပိုမိုများပြားလာခဲ့ရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း၌ တောဆင်ရိုင်း ၅၉ ကောင် အထိ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly