အောင်ရဲထွေးအမှုကို ရိုင်းစိုင်းစွာရေးနေသူများအား အရေးယူရန် ပြင်ဆင်နေ

အောင်ရဲထွေးအမှုကို ရိုင်းစိုင်းစွာရေးနေသူများအား အရေးယူရန် ပြင်ဆင်နေ

ရန်ကုန်၊ သြဂုတ် ၄ ။            ။ သရုပ်ဆောင်အောင်ရဲထွေးအမှုအတွက် လူမှုကွန်ယက် Facebook တွင် ရိုင်းစိုင်းစွာ ရေးသား နေကြသူများကို ဥပဒေအရပြန်လည်အရေးယူသွားရန် ပြင်ဆင်နေကြောင်း စွပ်စွဲခံထားရသူ ကိုကျော်ဇောဟန်၏ မိခင်ဖြစ်သူကပြောဆိုလိုက်သည်။

အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲခံထားရသူ ၃ ဦးကိုလွှတ်ပေးခဲ့မှုအပေါ် လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် Facebook တွင်လူအများကဝေဖန်ပြောဆိုနေကြပြီး အချို့ ရေးသားမှုများသည် အမှုနှင့်မသက်ဆိုင်သော မိဘဖြစ်သူများ၏ နာမည်ကိုပါတပ်၍ ညစ်ညမ်းသည့် စကားများအသုံးပြုကာ ရေးသားနေကြသောကြောင့် အရေးယူရန်လုပ်ဆောင် ရခြင်းဖြစ်ကြောင်း ကိုကျော်ဇောဟန်၏ မိခင်ဖြစ်သူကဆိုသည်။

“ Facebook ပေါ်မှာပေါ့ ၊သိတဲ့လူတွေအကုန်လုံးသိပါတယ်။ မသိတဲ့သူတွေအကုန်လုံးက အဖေတွေ၊ အမေတွေနာမည်တွေလည်းခေါ်ရိုင်းရိုင်းစိုင်းစိုင်းတွေပြောနေကြတဲ့လူတွေအကုန်လုံးကို အန်တီက တောင်းလည်း တောင်းပန်ချင်ပါတယ်။ တရားဥပဒေကို နားမလည်ဘဲ နဲ့Facebook ပေါ်မှာ ရေးချင်တိုင်းရေးနေတဲ့လူတွေကိုတော့ ဒီထက်လွန်ကဲလာလို့ရှိရင် တရား ဥပဒေအရ ပြန်လည် အရေးယူပါမယ်ဆိုတာကို သတင်းစာထဲမှာ အန်တီတို့ရှေ့နေကကြေငြာထည့်ပါမယ်”ဟု ၎င်းကဆိုသည်။

အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်၍ သန်းထွဋ်အောင်၊ ကျော်ဇောဟန်နှင့် ပြည့်ဖြိုးအောင် တို့သုံးဦးကိုပြန်စစ်ဆေးရန် ရန်ကုန်တိုင်းဥပဒေချုပ်ရုံးမှ တိုင်းဒေသကြီးတရားလွှတ်တော်သို့ ဇူလိုင်လ ၃၀ ရက်နေ့၌ ပြင်ဆင်ချက်တင်သွင်းထားသည်။

ထို့ကြောင့် စွပ်စွဲခံရသူ ၃ ဦးသည် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့  သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံး လာရောက်ရန်ဆင့်ခေါ်ထားကြောင်းလည်း သိရသည်။

ဟာသရုပ်သံတိုများကြောင့် Facebook လူမှုကွန်ယက်စာမျက်နှာတွင်လူသိများခဲ့သည့် အောင်ရဲထွေး (ခ) ရဲထွေးအောင်သည် ၎င်း၏ ချစ်သူနှင့်အတူ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညတွင် The One Entertainment ၏ ဖျော်ဖြေရေးပွဲသို့ သွားရောက်ခဲ့ပြီး လူတစ်စု၏ ဝိုင်းဝန်းထိုးကြိတ် ကန်ကျောက်ခဲ့မှုကိုခံခဲ့ရကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ်ရရှိထားသော ဒဏ်ရာများနှင့် ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly