ချယ်လ်ဆီးအသင်းကို ကျော်ပြီး အေစီမီလန်အသင်းကို ရွေးချယ်ခဲဲ့ရတဲ့အကြောင်း ပြောသွားတဲ့ ဟီဂူအင်း

ချယ်လ်ဆီးအသင်းကို ကျော်ပြီး အေစီမီလန်အသင်းကို ရွေးချယ်ခဲဲ့ရတဲ့အကြောင်း ပြောသွားတဲ့ ဟီဂူအင်း
(ဓာတ်ပုံ - EPA)

အာဂျင်တီးနားတိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်းက ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ပေမယ့် အင်္ဂလန်ကလပ်ဘက်မှ ခေါ်ယူလိုသူမှာ နည်းပြတစ်ဦးသာဖြစ်ခဲ့ပြီး မီလန်အသင်းမှာရှိတဲ့ သူတိုင်းက သူ့ကို ပိုပြီးလိုချင်ခဲ့ကြတယ်လို့ ခံစားရတာကြောင့် အီတလီကလပ်ကို ရွေးချယ်ဖြစ်ခဲ့တာပါလို့ အသင်းနဲ့ သူ့ရဲ့ တရားဝင် မိတ်ဆက်တဲ့ အခမ်းအနားမှာ သတင်းထောက်တွေကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ဟီဂူအင်းဟာ မိတ်ဆက်ပွဲအခမ်းအနားမတိုင်ခင် စိတ်လှုပ်ရှားနေတဲ့ ပရိသတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

အေစီမီလန်အသင်းဟာ ကြာသပတေးနေ့က အီတလီအမှတ်ပေးချန်ပီယံ ဂျူဗီတပ်စ်အသင်းထံမှ ဟီဂူအင်းကို ယူရို ၁၈ သန်းနဲ့ ၁ နှစ်အငှား ခေါ်ယူခဲ့ပါတယ်။ အေစီအသင်းဟာ အဆိုပါတိုက်စစ်သမားကို လာမယ့်နှစ် အပြောင်းအရွှေ့မှာ နောက်ထပ် ယူရို ၃၆ သန်းပေးပြီး ခေါ်ယူနိုင်တဲ့ အချက်လည်း ပိုင်ဆိုင်ထားပါတယ်။

“ကျနော် ဒီအသင်းကို ယုံကြည်တယ်။ ပြီးခဲ့တဲ့နှစ်က ဒီအသင်းကို ကြိုက်နှစ်သက်ခဲ့တယ်။ ကျနော်ကစားခဲ့တဲ့ အသင်းတွေမှာ အနိုင်ရရှိဖို့ တိုက်ပွဲဝင်ခဲ့ပါတယ်။ အခု ကျနော် မီလန်အတွက်ပါပဲ။ အသင်းကို အရင်အဆင့်အတန်းဆီ ပြန်လည်ယူဆောင်ဖို့က စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါလိမ့်မယ်။ ကျနော် ဒီမှာရှိနေတဲ့အတွက် အလွန်ပျော်ရွှင်ပါတယ်။”လို့ ဟီဂူအင်းက ပြောပါတယ်။

သူက ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ သူ့ကို လိုချင်တဲ့ တစ်ဦးတည်းသောသူက နည်းပြ ဆာရီသာဖြစ်ခဲ့မယ်လို့ စဉ်းစားခဲ့တာကြောင့် အင်္ဂလန်ကလပ်ဆီ ပြောင်းရွှေ့ဖို့ ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၃၀ ကစားသမားက နည်းပြ ဆာရီနဲ့ လက်တွဲခဲ့တဲ့ ၂၀၁၅-၁၆ ရာသီမှာ စီးရီအေ စံချိန်တင်သွင်းဂိုး (၃၆)ဂိုး သွင်းယူခဲ့သူဖြစ်ပါတယ်။

“ဒီမှာတော့ လူတိုင်း ကျနော့်ကို အလိုရှိကြပါတယ်။”လို့ သူက ပြောပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းထက် နောက်တစ်ဆင့်နိမ့်တဲ့ မီလန်ရဲ့ ကစားသမားသစ်အဖြစ် ကစားရမယ့် သူက “ပြိုင်ပွဲတွေဟာ အသင်းတစ်သင်းကြောင့် အနိုင်ရခဲ့တာပါ။ လူတစ်ဦးတစ်ယောက်တည်းကြောင့် နိုင်ပွဲ မရယူနိုင်ပါဘူး။”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရာသီက အေစီမီလန်အသင်းဟာ ကစားသမားသစ် ခေါ်ယူမှုအတွက် ယူရိုသန်း ၂၀၀ ကျော် သုံးစွဲခဲ့ပေမယ့် စုစုပေါင်း လိဂ်ဂိုး ၅၆ သာ သွင်းနိုင်ခဲ့တာအတူ အမှတ်ပေးဇယား အဆင့် ၆ မှာသာ ရပ်တည်ခဲ့ပါတယ်။

Ref; EFE-EPA, AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags