တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများနှင့် မော်တော်ယာဉ် ၂၈ စီးကို ဖမ်းဆီး

တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများနှင့် မော်တော်ယာဉ် ၂၈ စီးကို ဖမ်းဆီး
ဓာတ်ပုံ-မြန်မာနိုင်ငံရဲတပ်ဖွဲ့
 

ရန်ကုန် ၊ သြဂုတ် ၃ ။             ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ အင်ဝမ်းကောင် ကျေးရွာအနီး ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီကားလမ်း မိုင်တိုင်အမှတ် (၄၈/၄၉)ကြားတွင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများနှင့် မော်တော်ယာဉ် ၂၈စီးကို ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းပါ ပူးပေါင်းအဖွဲ့သည် သတင်းအရ ဝိုင်းမော်မြို့နယ်၊ အင်ဝမ်းကောင် ကျေးရွာအနီး ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီကားလမ်း မိုင်တိုင်အမှတ် (၄၈/၄၉)ကြား၌ ကန်ပိုက်တီဘက်မှ ဝိုင်းမော်ဘက်သို့ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာများ သယ်ဆောင် လာသည့် ၂၂ ဘီးယာဉ်(၅)စီး၊ ၁၂ ဘီးယာဉ် (၂၃) စီး၊ ပေါင်း (၂၈)စီး နှင့်အတူ တရုတ်နိုင်ငံသား ကျန်းကျိကြူ(၅၄)နှစ်၊ ကျာကျမ်းရှင်မြို့၊ စီချွန်းပြည်နယ်၊ တရုတ်နိုင်ငံ(ယာဉ်ဝင်ခွင့်အမှတ် ၂၀၁၈ သြ ၀၂ မှ သြ ၀၆ ထိ)နေသူအပါအဝင် ၈ ဦး(ယာဉ်မောင်း ၇ ဦး၊ ယာဉ်ပေါ်ပါ ၁ ဦး)တို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့ စစ်ဆေးရာတွင် တရုတ်နိုင်ငံသား ကျန်းကျိကြူ အပါအဝင် (၈)ဦးအနက် ဝမ်းရှင်းချွမ်(၃၄)နှစ်နှင့် ယာဉ်မောင်း(၂)ဦး တို့မှာ တရားဝင်ခွင့်ပြုချက် တစ်စုံတစ်ရာ မပါရှိဘဲ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သြဂုတ်လ ၃ ရက် ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်အတွက် ဆဒုံးနယ်မြေရဲစခန်းမှ (ပ) ၅/၂၀၁၈၊ လဝကအက် ၁၃(၁)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ဩဂုတ်လ ၃ ရက်နေ့ ယနေ့တွင် မော်တော်ယာဉ်များအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့ဖြင့် ဖွင့်ဖောက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly