အမွေဆက်ခံသူမရှိသော ပန်းတမော့ပညာရပ်များကို ပြန်လက်ဆင့်ကမ်းလိုသူ ဦးဝင်းညွန့်

အမွေဆက်ခံသူမရှိသော ပန်းတမော့ပညာရပ်များကို ပြန်လက်ဆင့်ကမ်းလိုသူ ဦးဝင်းညွန့်

သြဂုတ် ၃၊ မကွေး ။            ။ မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့မြောက်ရပ်ကွက် အမှတ်(၁)တွင် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း က လုပ်ကိုင်လာခဲ့ကြသည့် ပန်းတမော့ပညာရပ်နှင့် အိုးစည်လုပ်ငန်းများကို လက်ရှိအချိန်တွင် လုပ်ကိုင်သူ အလွန်နည်းပါးလာပြီး ဆက်လက်အမွေဆက်ခံသူ မရှိ၍ အဆိုပါ လုပ်ငန်းများကွယ်ပျောက်သွားနိင် သည်ဟု မင်းလှမြို့မှ မြန်မာ့အိမ်တွင်း အလှဆိုင်းဝိုင်း လုပ်ငန်းလုပ်ကိုင်နေသူ ပန်းတမော့ပညာရှင်တစ်ဦးက ပြောသည်။

“ အရင်က မင်းလှမြို့မှာ ပန်းတမော့ပညာရပ်နဲ့ အိုးစည်၊ဗုံ၊ အိမ်တွင်းအလှထားဆိုင်းဝိုင်းတွေ၊ ကလေး ကစားစရာ အိုးစည်လေးတွေ ဗုံလေးတွေ လုပ်ကိုင်တဲ့ ဦးရေ(၃၀)လောက်ရှိခဲ့တယ်၊ ဒီနေ့ လက်ရှိအချိန်မှာတော့ တစ်ဦး၊ နှစ်ဦးသာရှိတော့တယ်။ ဆက်အမွေဆက်ခံမယ့်သူ မရှိတော့ ဒီလုပ်ငန်းတွေ တဖြည်းဖြည်းနဲ့ ကွယ်ပျောက်သွားနိင်တယ်” ဟု မင်းလှမြို့မှ မြန်မာ့အလှဆိုင်းဝိုင်းငယ်များ ဖန်တီးရှင် ပန်းတမော့ပညာရှင် ဦးဝင်းညွန့်က ပြောသည်။

ယခင် ရန်ကုန်- မန္တလေး ဧရာဝတီသဘောၤ ဆိပ်ကမ်းကုန်သွယ်ရေးအောင်မြင်နေစဉ်က မင်းလှမြို့ မြောက်ရပ်ကွက်မှ အိုးစည်လုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူများသည် အိုးစည်လေးများကို ခံတောင်းများထဲထည့် ခေါင်းထိပ်ရွက်ကာဆိပ်ကမ်းတစ်လျှောက်နှင့် မင်းလှဆိပ်ကမ်းသို့ ဆိုက်ကပ်လာသမျှ အစုန် အဆန်သင်္ဘောများနှင့် ဆိပ်ခံများပေါ်၊ ပဲထောင်များပေါ်မှ ခရီးသည်များအားမြင်သာစေရန် အိုးစည်များကိုစီကာချပြ တပုံပုံတီး၍ လိုက်လံပြသရောင်းချခြင်း၊ အောက်ပြည်အောက်ရွာသို့အိုးစည်များအား တင်ဆောင်ရောင်းချခဲ့ကြသည် အထိ လုပ်ငန်းများ အောင်မြင်ခဲ့ကြောင်း သိရသည်။

“ ခေတ်တွေပြောင်းလဲလာပြီး ကလေးကစားစရာ အမျိုးစုံနဲ့ ခေတ်ပေါ်တူရိယာတွေ အမျိုးမျိုး ပေါ်လာတာတွေ ရယ်၊ မင်းလှမြို့နယ်မှာ ရေနံမှော်များခေတ်ကောင်းလာတာတွေကြောင့်ရယ်၊ အိုးစည်လုပ်ငန်းမှာ ကုန်ကြမ်း ရှားပါးမှုကြုံတွေ့လာခဲ့ကြတဲ့အတွက် အိုးစည်လုပ်ငန်းတွေ ရပ်နားပြီး လုပ်ငန်းပြောင်းလုပ်ကိုင်ကြသူ အများအပြား ရှိလာတယ်” ဟု ဦးဝင်းညွန့်က ပြောသည်။

အိုးစည်လုပ်ငန်း၏ စီးပွားရေးဈေးကွက် ကွယ်ပျောက်ချိန်တွင် အိုးစည်လုပ်ငန်းလုပ်ကိုင်ဖို့ရာ အသက်အရွယ် ကြီးရင့်၍ အဆင်မပြေနိုင်သောကြောင့်ဖခင်ဖြစ်သူ ဆရာလွှား(မင်းလှမြို့တွင် အိုးစည်လုပ်ငန်းကို ကနဦးလုပ်ကိုင်သူ) သင်ကြားပြသပေးခဲ့သောပညာရပ်များဖြင့် ပန်းတမော့ ပန်းပု၊ ပန်းပွတ်ပညာရပ်များ ပေါင်းစည်းပြုလုပ် ရသည့် မြန်မာ့အိမ်တွင်းအလှပြဆိုင်းဝိုင်းငယ်များ စတင်ပြုလုပ်ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်စီးပွားရေးဖြစ်ထွန်းမှု အားနည်းနေကြောင်း ဦးဝင်းညွန့်ကဆိုသည်။

ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ သားသမီးတွေက ဖခင်ဖြစ်သူရဲ့အလုပ်အပေါ် စိတ်ပါဝင်စားမှု မရှိတော့ ပညာအမွေဆက်ခံသူမရှိတော့ကြောင်း၊ တပည့် ၃ယောက်တော့ရှိပေမယ့် ဈေးကွက်ပျောက်နေတော့ မြန်မာ့အိမ်တွင်း အလှပြဆိုင်းဝိုင်းငယ်လုပ်တဲ့ ပညာရပ်တွေကို အချိန်ပေး ဂရုတစိုက်သင်ယူချိန် မရကြောင်း ဦးဝင်းညွန့်ှက ပြောပြသည်။

လက်ရှိတွင် ၎င်းတီထွင်ဖန်တီးလျှက်ရှိသည် မြန်မာ့အိမ်တွင်း အလှပြဆိုင်းဝိုင်းငယ်များသည် လုပ်ငန်း ပမာဏ မြှင့်တင်ရန် လူအင်အား၊ ငွေအင်အားလိုအပ်နေသေးကြောင်း၊ လက်ရှိဈေးကွက်စီးပွားရေး ပျောက်ဆုံးလျှက်ရှိပြီး မြန်မာ့အိမ်တွင်းအလှပြဆိုင်းဝိုင်း အသေးစားကို ငွေကျပ် ၇ သောင်း၊ မြန်မာ့အလှဆိုင်းဝိုင်း အကြီးစားကို ငွေကျပ် ၃ သိန်းဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။

မြန်မာ့အလှဆိုင်းဝိုင်းငယ်များဖန်တီးရှင် ပန်းတမော့ပညာရှင် ဦးဝင်းညွန့်က ပန်းတမော့ပညာရပ်များမှာ အမွေဆက်ခံသူ မရှိ၍ အိုးစည်လုပ်ငန်းနှင့်ပန်းတမော့ပညာရပ်များ ပညာအမွေအဖြစ် လက်ဆင့်ကမ်းပေးအပ်လိုကြောင်း၊အဆိုပါပညာရပ်များပျောက်ကွယ်သွားမည်ကို မလိုလား၍ ဝန်ကြီးဌာနများ၏ အစီအစဉ်ဖြင့် လူငယ်များအား လက်ဆင့်ကမ်းအမွေပေးအပ်လိုကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly