သမန်းကျားဝိညာဉ်ဇာတ်ကားကို ၂ လအတွင်း အခမဲ့ ဖြန့်ချိမည်

သမန်းကျားဝိညာဉ်ဇာတ်ကားကို ၂ လအတွင်း အခမဲ့ ဖြန့်ချိမည်

ရန်ကုန် သြဂုတ် ၃ ။            ။ အဆင့်မြင့် ဗီဒီယိုဇာတ်ကားအဖြစ် ရိုက်ကူးထားသည့် သမန်းကျားဝိညာဉ်ဇာတ်ကားကို ၂ လ အတွင်း ဖြန့်ချိသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

" ဇာတ်ကားကတော့ ပြီးသွားပြီ၊ အထဲမှာ လိုအပ်တဲ့ အခန်း ၁ ခန်း ၂ ခန်းတော့ကျန်သေးတယ်။ အခက်အခဲ ကတော့ ကျွန်တော်တို့က အသစ်ဆို တော့ အမြဲရှိနေတာပေါ့။အဲဒီအပေါ် စိုးရိမ်မှုတွေလည်း အပြည့်ရှိတယ်။ ကျွန်တော်ကြိုးစားထားပါတယ်။ နောက်ဆုံး အမှားအယွင်းရှိတာပဲဖြစ်ဖြစ် ဝေဖန်ချင်တာပဲဖြစ်ဖြစ် ဝေဖန်လို့ ရပါတယ်။ ပရိသတ်လက်ခုပ်တီးရကျိုးနပ်အောင် ကျွန်တော် ကြိုးစားထားပါတယ်" လို့ သရုပ်ဆောင် ပိုင်တံခွန် က ပြောပါတယ်။

သမန်းကျားဝိညာဉ်ဇာတ်ကားကို ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ဒဿကျော်စွာက ရိုက်ကူး၍ သရုပ်ဆောင်အဖြစ်  ပိုင်တံခွန်၊ အိန်ဂျယ်လမုန်တို့မှအဓိက ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။ အဆိုပါဇာတ်ကား၏ ဇာတ်ညွှန်းကို လွန်ခဲ့သည့် ၆ နှစ်ကတည်းက ရေးသားခဲ့ပြီး ဇာတ်လမ်းတွဲ ၃ ပိုင်း ရိုက်ကူးသွားမည်ဟု သိရသည်။ ထို့အပြင် သမန်းကျားဝိညာဉ် ဇာတ်ကား၏ ပထမဇာတ်လမ်းတွဲကို ဗီဒီယိုအဖြစ်ရိုက်ကူးပြီး ကျန်သည့် ၂ ပိုင်းကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ဆက်လက်ရိုက်ကူးသွားမည်ဟု သိရသည်။

“ဒီဇာတ်လမ်းပထမပိုင်းကို ပရိတ်သတ်နဲ့မြန်မြန်ဆန်ဆန်မိတ်ဆက်ပေးလိုတဲ့အတွက် ဗီဒီယိုဇာတ် ကားအဖြစ် ပြုလုပ်တာဖြစ်ပါတယ်။အွန်လိုင်းပေါ်မှာ အခမဲ့ဖြန့်ချိသွားမှာပါ။အဓိက ကျွန်တော်လုပ်ချင်တာ လုပ်လိုက်တဲ့ သဘော၊ ပထမကားကို ပေါ့ပေါ့ပါးပါးဗီဒီယို လုပ်လိုက်တာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် လိုင်းပေါ်မှာ အလကားဖြန့်မှာ" ဟု ဒါရိုက်တာဒဿကျော်စွာက ပြောသည်။

အဆိုပါ ဗီဒီယိုဇာတ်ကားတွင် အဆင့်မြင့်နည်းပညာ အထူးပြုလုပ်ချက်များပါဝင်ပြီး အိန္ဒိယနိုင်ငံရှိ ကျား တိရိစ္ဆာန်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်တစ်ဦးကို ခေါ်ယူထားကြောင်း သိရသည်။ ထို့အပြင် ရုပ်ရှင် အဖြစ်ဆက်လက်ရိုက်ကူးမည့် သမန်းကျားဝိညာဉ်ဇာတ်ကားကို ထမံသီအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ဝေးလံ ခေါင်ဖျားဒေသများသို့ သွားရောက် ရိုက်ကူးရန် ပြင်ဆင်ထားကြောင်း သိရသည်။

" သမန်းကျားဝိဉာည်ဇာတ်ကားက သမန်းကျား ကြီးဖြစ်တဲ့အကြောင်း မဟုတ်ပါဘူး။ဒီဝိညာဉ် လေးတစ်ခု ပူးကပ်ခံရတဲ့အကြောင်းပါ၊ ဒီဇာတ်ကားက ၃ ကားတွဲပါ။ တစ်ချို့က ထမံသီသွား မရိုက်လို့ ဝေဖန်ကြပါတယ်။ မဟုတ်ဘူး။ ဒီဇာတ်လမ်းက ရန်ကုန်မှာဖြစ်တဲ့ဇာတ်လမ်းပါ။ ရန်ကုန် သံလျင်မှာ ရိုက်တယ်ဆိုတာ ဇာတ်လမ်း ဖြစ်ပွားတဲ့နေရာမှာ ရိုက်တာဖြစ်ပါတယ်။ငွေကြေးအကျိုး အမြတ်မကြည့်ဘဲ ရိုက်နေတာပါ။ ဒုတိယနဲ့ တတိယပိုင်းမှာ ပိုပြီးကောင်းလာပါလိမ့်မယ်" လို့ ဒါရိုက်တာ ဒဿကျော်စွာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly