မင်းကင်း နှင့်ငါးသိုင်းချောင်းမြို့တို့တွင် မြစ်ရေတက်နိုင်ဟု မိုး/ဇလသတိပေး

မင်းကင်း နှင့်ငါးသိုင်းချောင်းမြို့တို့တွင် မြစ်ရေတက်နိုင်ဟု မိုး/ဇလသတိပေး

ရန်ကုန် သြဂုတ် ၃ ။         ။ မင်းကင်းမြို့နယ်နှင့်ငါးသိုင်းချောင်းမြို့တို့တွင် မြစ်ရေစိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်၍ အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ သြဂုတ်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယနေ့မြန်မာစံတော်ချိန် ၂ နာရီခွဲအချိန်တိုင်းထွာချက်အရ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေမှတ် သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက် ရှိနေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်းလည်း သိရသည်။

ထို့ကြောင့် မင်းကင်းမြို့နယ်နှင့် ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင် သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

ယနေ့ တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး မနက်ဖြန် မွန်း တည့်ချိန်အထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာ ကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေ သည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၁၁ ပေခန့်ရှိနိုင်ပြီး နောက် ၂ ရက်အတွင်း ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly