ရေနံစိမ်းများတရားမဝင်သယ်ဆောင်မှုနှင့် အခွန်ဘဏ္ဍာလျော့နည်းမှုမရှိစေရေး ဆောင်ရွက်နေ

ရေနံစိမ်းများတရားမဝင်သယ်ဆောင်မှုနှင့် အခွန်ဘဏ္ဍာလျော့နည်းမှုမရှိစေရေး ဆောင်ရွက်နေ

 

မကွေး၊သြဂုတ် ၃ ။            ။ တစ်နိင်တစ်ပိုင်ရေနံလက်ယက်တွင်းများမှ ထွက်ရှိသောရေနံစိမ်းများကို တရားမဝင် သယ်ဆောင်မှု မရှိစေရေးနှင့် အခွန်ဘဏ္ဍာလျော့နည်းမှုမရှိစေရေးအတွက် ဆောင်ရွက်နေကြောင်း သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

“မျှောတစ်စောင်တည်းနဲ့ ကားအများအပြားသယ်ယူနေတာမဖြစ်အောင် ဌာနဆိုင်ရာများ ၊ လွှတ်တော် ကိုယ်စားလှယ်များရဲ့ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ သတင်းပို့ရမယ့်နေရာမှာမပို့ရင် ကားကို တစ်လပိတ်သိမ်းတာတွေ လုပ်ကွက်ကို ထုတ်လုပ်ခွင့်ရပ်နားတာတွေ ရှိပါတယ်။ မြိုင်နဲ့မကွေးမြို့များ မှာ တရားစွဲဆိုဆောင်ရွက်ထားတဲ့အထိ အရေးယူမှုတွေကြောင့် တရားမဝင်သွားလာမှု မရှိသလောက် ပါပဲ”ဟု ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

မကွေးတိုင်း မြိုင်မြို့တွင် စစ်ဆေးရေးဂိတ်ထားရှိ၍ မုံရွာမြို့သို့ သယ်ဆောင်သော ရေနံစိမ်း ယာဉ်များ အား အထွေထွေအုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့မှစစ်ဆေးကြောင်း ၊ တန်ပိုသယ်ဆောင်မှုမရှိစေရန် မြိုင်မြို့ ၊ သံမြေကျင်းရှိ မြတ်နိုးသူတိုးဂိတ်တွင်စစ်ဆေးစေပြီး သယ်ဆောင်ခွင့်ပြုကြောင်း ၊ ဧရာဝတီတိုင်းသို့ သယ်ဆောင်သွားသည့် ရေနံစိမ်းယာဉ်များအား မင်းတုန်းမြို့တွင် စစ်ဆေးရေးဂိတ်ဖွင့်၍ အထွေထွေ အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့မှစစ်ဆေးကြောင်း သိရသည်။

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုထားသော ရေနံလုပ်ကွက်များမှ ထွက်ရှိသည့် ရေနံစိမ်းများကို တိုင်းပြင်ပသို့ သယ်ဆောင်ပါက ဂါလံ(၅၀)ဆံ့ရေနံတစ်စည်လျှင် ဝန်ဆောင်ခ (၃၀၀၀)ကျပ် ကောက်ခံ၍ မြန်မာ့စီးပွားရေဘဏ် ၊ တိုင်းအစိုးရအဖွဲ့ငွေစာရင်းအမှတ် MD-021907 သို့ ပေးသွင်းစေကြောင်း ၊ တရားဝင်မှတ်တမ်းတင်ထားသောဝန်ဆောင်ခ အခွန်ရငွေများကို တိုင်းအစိုးရ အဖွဲ့၏ ထောက်ပံ့အသုံးစရိတ်အဖြစ် ဘတ်ဂျက်တွင်ထည့်သွင်းလျာထားပြီး မြို့နယ်အသီးသီးတွင် လိုအပ်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စနစ်တကျသုံးစွဲကြောင်း အစိုးရအဖွဲ့မှ သိရသည်။

ကောက်ခံရရှိသောအခွန်ငွေများကို ဥပဒေနှင့်အညီ စနစ်တကျသုံးစွဲမှုရှိ၊မရှိနှင့်နိုင်ငံတော်အခွန် ဘဏ္ဍာငွေများ လျော့နည်းမှုမရှိအောင် စနစ်တကျ ဥပဒေနှင့်အညီကောက်ခံမှုရှိ၊မရှိအတွက် မကွေးတိုင်းလွှတ်တော်တွင် မေးမြန်းမှုများရှိခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၆ ဇွန်လ ၂ ရက်မှ ၂၀၁၈ ဇွန်လ ၃၀ ရက်နေ့အထိ  ဝန်ဆောင်ခ ရငွေမှာ (၅၈၆၄၇၁၅၀၀၀) ကျပ် ဖြစ်ကြောင်း ၊ ရေနံရှာဖွေခွင့်အတွက် သက်တမ်းတိုးလုပ်ကွက်(၂၀) နှင့် လုပ်ကွက်သစ်(၁၃)ခုကို လုပ်ကိုင်ခွင့်ပြုထားကြောင်း ဝန်ကြီးဦးမြင့်ဇော်ထံမှ သိရှိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly