ထုတ်ပယ်ခံထားသူ၏ လစာငွေ ဆက်ထုတ်ယူနေသော တာဝန်ရှိသူအား အရေးယူမည်

ထုတ်ပယ်ခံထားသူ၏ လစာငွေ ဆက်ထုတ်ယူနေသော တာဝန်ရှိသူအား အရေးယူမည်

 

ပုသိမ်၊ သြဂုတ် ၃ ။          ။ ရေကြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပယ်ထားသည့် အငယ်တန်းစာရေး၏ လစာငွေ အား ဆက်ထုတ်ယူထားခြင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းသို့ အရေးယူရန် သြဂုတ်လ ၂ ရက်က ပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တိုင်းလွှတ်တော် ပြည်သူငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးရာကော်မတီက တိုက်တွန်းခဲ့သည်။

 “ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ခွင့်မဲ့ပျက်ကွက်သော ဝန်ထမ်းအား အလုပ်ထုတ်ပယ်သည့် ကာလအထိ လစာငွေများ အပြည့်အဝထုတ်ယူထားခြင်းသည် မဖြစ်သင့်သော အမှားဖြစ်ပြီး တာဝန်ရှိသူအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီအရေးယူဆောင်ရွက်ရန် ”ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံဖြိုးတိုးတက်ရေးရာ ကော်မတီ က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အကြံပြုထားခြင်း ဖြစ်သည်။

လက်ရှိတွင် ရာထူးမှထုတ်ပယ်ဝန်ထမ်းအတွက် ထုတ်ယူထားသော ၆လ လစာ ငွေ ၉၆၀၀၀၀ကျပ်အား ငွေစာရင်းပုံစံများတွင် ထည့်သွင်းထားပြီး ငွေလက်ကျန်ဖော်ပြထားမှုမရှိဘဲ စစ်ဆေးချိန်မှ ဌာနငွေထုတ် စာရင်းသို့ပေးသွင်းခြင်း ဖြစ်ကြောင်းကို ကော်မတီတွေ့ရှိချက်အား လွှတ်တော်သို့တင်ပြထားသည်။

ကော်မတီသုံးသပ်ချက်တွင် “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၏ ခွင့်မဲ့ပျက်ကွက်သော ဝန်ထမ်းများအတွက် ထုတ်ပယ်သည့် အချိန်အထိ ၆လ လစာအပြည့်ထုတ်ယူခဲ့ခြင်းမှာ သက်ဆိုင်ရာဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိခြင်း”ကို ကော်မတီအစီအရင်ခံစာတွင် ထည့်သွင်းသုံးသပ်ထားသည်။

ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ခွင်မဲ့ပျက်ကွက်တဲ့အငယ်တန်းစာရေးတစ်ဦး ကို နိုဝင်ဘာလ ၃၀ ရက်၊၂၀၁၇  ရက်စွဲပါ ရုံးအမိန့်ဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့သော်လည်း ၆ လမှ ၁၁ လအထိ ၆ လ လစာငွေ ၉၆၀၀၀၀ကျပ် ကို ထုတ်ယူထားကြောင့်တွေ့ရှိရကြောင်းကို ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ်က အစီအရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly