တရားစီရင်ရေးမဏ္ဍိုင်ပြောင်းလဲရေးကို အပြည့်အဝမလုပ်နိုင်သေးဟု အာဏာရပါတီဆို

တရားစီရင်ရေးမဏ္ဍိုင်ပြောင်းလဲရေးကို အပြည့်အဝမလုပ်နိုင်သေးဟု အာဏာရပါတီဆို

ရန်ကုန် ၊ သြဂုတ် ၃ ။             ။ တရားစီရင်ရေးမဏ္ဍိုင် ပြုပြင်ပြောင်းလဲရေးအတွက် ထိရောက်စွာအရေးယူပါက လူအင်အား ပြန်အစားမထိုးနိုင်သေးသောကြောင့်  ကျော်စောသတင်းကဲ့သို့သော အခြေနေမျိုးပေါ်ပေါက်လာပါက ထိထိရောက်ရောက် အရေးယူမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ဘက်က အရေးယူတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်တဲ့အခါမှာလည်း ဥပဒေကျွမ်းကျင်တဲ့ သူတွေ အပြည့်အဝ ပြန်အစားထိုးနိုင်ဖို့ လောလောဆယ် မဖြစ်နိုင်သေးပါဘူး။ အဲ့တော့ လက်ရှိအခြေအနေအရ တော့ ပေါ်ပေါက်လာတဲ့အချိန်မှာ ကျွန်တော်တို့ ထိထိရောက်ရောက် အရေးယူပါမယ်။ အောက်ခြေသိမ်းပြုပြင် ပြောင်းလဲမှုကတော့ အခုလောလောဆယ် မလုပ်နိုင်သေးပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

တရားစီရင်ရေးမဏ္ဍိုင်အား အလုံးစုံပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပါက လူ့စွမ်းအားအရင်းအမြစ် နှင့် လုံလောက်သည့် လစာလူမှုအထောက်အပံ့များ ဖြည့်ဆည်းပေးနိုင်သေးခြင်း မရှိဟုလည်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူကို ခရိုင်တရားရုံး အဆင့်မှ ပြန်လွှတ်ပေးခဲ့ခြင်းအပေါ် ပြည်သူလူထုများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေခဲ့သည်။

အဆိုပါအမှုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ် နှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ တို့အား နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က ခေါ်ယူ တွေ့ဆုံပြီး အမှုရုပ်သိမ်းခြင်း၏ နောက်ခံ အကြောင်းအရာများ၊ အခြား ပတ်သက်ဆက်နွယ်မှုများကို တိတိကျကျ စိစစ်ပြီး ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရန် မှာကြားထားသည်။

“ကျွန်တော်တို့အစိုးရတက်လာတဲ့ အချိန်မှာ တရားစီရင်ရေးက လူတွေဟာ ကိုယ်ရှိန်သတ်လိုက်ကြတယ်။ ကိုယ်ရှိန်သတ်လိုက်တော့ မဟုတ်တာမလုပ်တော့ဘူး။ ဟုတ်တာကိုလည်း ကောင်းကောင်းမလုပ်တော့ဘူး။ အဲ့လို ကျွန်တော်တို့တွေ့လိုက်ရတယ်။ နောက်တစ်ခါ ကျွန်တော်တို့ တရားစီရင်ရေးအပိုင်းကို ထိထိရောက်ရောက် အရေးယူဖို့မှာကျတော့ ဝန်ထမ်းဥပဒေအရ ကျွန်တော်တို့က ခွင့်ပြုထားတဲ့အပိုင်းလေးပဲ လုပ်ရတဲ့အခါ တဖြည်းဖြည်းပြန်ရဲလာပြီး တရားစီရင်ရေးက အရင်ပုံစံနီးနီး ပြန်ဖြစ်သွားတယ်။ ဒါကြောင့် သမ္မတကြီးက လိုအပ်တဲ့ လမ်းညွှန်ချက်တွေကို ပေးနေတာပါ” ဟု ဒေါက်တာမျိုးညွန့်က ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြောဆိုသည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုအားရုပ်သိမ်းခဲ့ခြင်းအပေါ်၌ အဂတိလိုက်စားကြောင်း ကျော်စောသတင်း အဖြစ်သတ်မှတ်သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့ သြဂုတ်လ ၃ ရက်နေ့ တွင်လည်း သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly