တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကို အခြေခံရုပ်ရှင်ပညာရပ်များ ပို့ချ

တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကို အခြေခံရုပ်ရှင်ပညာရပ်များ ပို့ချ

ရန်ကုန် သြဂုတ် ၃ ။          ။ မြန်မာ့ရုပ်ရှင်ပညာကို စိတ်ပါဝင်စားသောတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများကို အခြေခံရုပ်ရှင်ပညာရပ်များ သင်ကြားပို့ချပေးနေကြောင်း ဒါရိုက်တာ ဒဿကျော်စွာက ပြောသည်။

ပထမအကြိမ် အခြေခံရုပ်ရှင်သင်တန်းဆင်းပွဲနှင့် နမူနာရိုက်ကူးခြင်းကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တွင် သြဂုတ် လ ၂ ရက်နေ့ နေ့လယ်ပိုင်း၌ ပြုလုပ်ခဲ့သည်။

" ဒီသင်တန်းက မိတ်ဆက်ရုံသင်နိုင်တာပါ။၁ ပတ် မှာ၂ ရက်ပဲသင်ရတယ်။ အချိန်အတိုင်းအတာကလည်း ၁ နာရီခွဲလောက်ပဲသင်ရတဲ့အနေအထားကြောင့် ရုပ်ရှင်ပညာမိတ်ဆက်တဲ့ အနေအထားသင်ပေးရတာပေါ့။ကျွန်တော်တို့က တက္ကသိုလ်ဆိုတာသည် ကျောင်းစာတစ်ခုတည်းသင်တဲ့နေရာ မဟုတ်ဘဲနဲ့ တခြားသောစိတ်ဝင်စားမှုတွေကိုပါ လမ်းညွှန်ပေးနိုင်တဲ့နေရာ ဖြစ်စေချင်လို့ ဒီသင်တန်းလေး လုပ်ဖြစ်သွားတာပါ" လို့ ဒါရိုက်တာ ဒဿကျော်စွာက ပြောသည်။

အဆိုပါရုပ်ရှင်သင်တန်းကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ကျောင်းသားများသမဂ္ဂ(ဗကသ)နှင့် ဒါရိုက်တာ ဒဿကျော်စွာတို့ပူးပေါင်း၍ ပထမဆုံးအကြိမ် ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"အနုပညာဝါသနာပါတဲ့ကျောင်းသားကျောင်းသူတွေက ကျောင်းစာတွေမှာ ဒါနဲ့ပတ်သက်လို့ လေ့ လာခွင့်မရဘူး။ အဲဒါကြောင့် သမဂ္ဂအနေနဲ့ ဆရာ ဒသကျော်စွာနဲ့ညှိနှိုင်းပြီး ဒီသင်တန်းလေးစီစဉ် ပေးဖြစ်တယ်။ ကျောင်းသားကျောင်းသူတွေရဲ့ အနုပညာအရည်အသွေးနဲ့ပတ်သက်ပြီး တက္ကသိုလ် တက်နေစဉ်ကာလအတွင်းမှာပဲ ဒီလိုအခွင့်သာခိုက်လေး လေ့လာနိုင်အောင် သင်ကြားနိုင်အောင် စီစဉ်ပေးတာပါ" လို့ ရန်ကုန်အရှေ့ပိုင်းတက္က သိုလ်၊ကျောင်းသားများသမဂ္ဂ(ဗကသ)မှ ဥက္ကဋ္ဌ ကိုစိုင်းသုဝန်က ပြောသည်။

ရုပ်ရှင်ပညာကို စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံသရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်လမ်းဇာတ်ညွှန်းနှင့် အခြားရုပ်ရှင်ပညာရပ်ပိုင်းဆိုင်ရာများကို ဇူလိုင်လအတွင်း တစ်လသင်တန်း ပို့ချခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လအတွင်း ပို့ချခဲ့သည့် သင်တန်းတွင် သင်တန်းသား၊သင်တန်းသူ ၅၆ ဦးကို ဒါရိုက်တာ ဒဿကျော်စွာနှင့် သရုပ်ဆောင်ပိုင်တံခွန်တို့က သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၊ ကျောင်းသားများသမဂ္ဂ(ဗကသ)အနေဖြင့် အနုပညာဆိုင်ရာ လှုပ် ရှားမှုများကို ဆောင်ရွက်နေပြီး ရုပ်ရှင်အနုပညာသင်တန်းများကိုလည်း ထပ်မံပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly