ပဲခူးတွင် ရေဘေးကယ်ဆယ်ရေးစခန်းအချို့ ပိတ်သိမ်း

ပဲခူးတွင် ရေဘေးကယ်ဆယ်ရေးစခန်းအချို့ ပိတ်သိမ်း
ဓာတ်ပုံ - သူရ

ရန်ကုန်၊ သြဂုတ် ၃ ။        ။ ပဲခူးတိုင်းဒေသကြီးအတွင်း ရေပြန်လည်ကျဆင်းသွား၍ ရေဘေးကယ်ဆယ်ရေးစခန်းအချို့ကို ပိတ်သိမ်းခဲ့သော်လည်း ရေဘေးသင့်ဒေသများရှိနေသေးကြောင်း ပဲခူးမြို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက ပြောသည်။

ရေကျဆင်းသွားမှုကြောင့် ပဲခူးမြို့နယ်၊ ကဝမြို့နယ်နှင့် တောင်ငူမြို့မှ ရေဘေးကယ်ဆယ်ရေး စခန်းများကို သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

"ကယ်ဆယ်ရေးစခန်းကတော့ လောလောဆယ်ရိက္ခာလိုတယ်။ ညောင်လေးပင်၊ ရွှေကျင်၊ မဒေါက် အကုန်လုံးအဲဒီဘက်တွေက အခုမှာကြီးတုန်းပဲ။ ဆိုးဆိုးရွားရွားဖြစ်နေတယ်။ အကုန်လုံး အဲဒီဘက်တွေက လှူမယ်ဆိုရင်တော့ အဓိကကဆန်ပဲ။ ကျွန်တော်တို့က ရိက္ခာပေးဖို့ရာ ရွှေကျင်တစ်မြို့နယ်ထဲတင် အိတ်တစ်ရာလောက်ပို့ရတယ်။ တစ်နေ့စာပေါ့အဲဒါ။ အဓိကကတော့ ဆန်လိုတယ်" ဟု ပဲခူးမြို့နယ်မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေ က ပြောသည်။

လက်ရှိအချိန်တွင် ပဲခူးမြို့ပေါ်တွင် တိုင်းဒေသကြီးအဆင့်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး အခြားသောမြို့နယ်များသို့ ရိက္ခာများပို့ဆောင်ပေးလျက်ရှိနေသည်။

"ပွင့်ပွင့်လင်းပြောရရင် ကျွန်တော်တို့ကိုဒီမှာလာထောက်ပံ့တဲ့အခါ များသောအားဖြင့် အာရုံစိုက်ကြတာက ဆန်ပေါ့နော်။ ဆန်က ကျွန်တော်တို့ကတတ်နိုင်သလောက်စီမံပေးလိုက်တဲ့အခါမှ ဆန်ကလက်ရှိမှာတော့အဆင်ပြေတယ်လို့ပြောလို့ရတယ်။ ဆန်နဲ့တွဲဖက်စားတဲ့အစာကို လှူတဲ့ အပိုင်းမှာ အားနည်းတယ်။ ဆန်နဲ့တွဲဖက်တဲ့အစာ ကြက်သွန်တို့ ငရုပ်သီးတို့ ဆီတို့ပေါ့နော်။ အဲဒီလိုတခြား ငါးသေတ္တာ၊အသားဗူး၊ငါးဗူး ဒါမျိုးလေးတွေကလည်းထပ်လိုအပ်တယ်ပေါ့နော်။ ဒီအပြင် သောက်ရေသုံးရေအတွက်ကို ဆေးဝါးတွေ ရေသန့်ဆေးတွေ ကလိုရင်းတို့ဘာတို့ ဒါမျိုးလေးတွေ လည်း အများကြီးလိုအပ်ပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော က ပြောသည်။

ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ ရွှေကျင်မြို့နယ်တွင် ရေကြီးမှုဖြစ်ပွားခဲ့ရပြီး  ရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ခဲ့ရသဖြင့် ကျောင်းပေါင်း ၈၀ ခန့် ပိတ်သိမ်းထားခဲ့ရကြောင်း ရွှေကျင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော က ပြောသည်။

ရေကြီးချိန်တွင် ကျောင်းများရှိစာသင်ခုံများပျက်စီးမှုရှိခဲ့သဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်အစားထိုးမှုများလိုအပ်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရေဘေးကယ်ဆယ်ရေးစခန်းများကို ရွှေကျင်မြို့တွင် ၅၄ ခု၊ ညောင်လေးပင်မြို့တွင် ၄၃ ခု၊ ဝေါမြို့တွင် ၁၃ ခု၊ ကျောက်ကြီးမြို့တွင် ၁၀ ခု၊ ပဲခူးမြို့တွင် ၈ ခု၊ ဒိုက်ဦးမြို့တွင် ၄ ခု၊ ကဝမြို့ တွင် ၂ ခု၊ ပြည်မြို့တွင် ၁ ခု ဖွင့်လှစ်ထားကြောင်း ပဲခူးတိုင်းေးသကြီးအစိုးရအဖွဲ့၏ သြဂုတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly