ယူကေအစိုးရ၏ ပညာသင်ဆု စတင်လျှောက်ထားနိုင်

ယူကေအစိုးရ၏ ပညာသင်ဆု စတင်လျှောက်ထားနိုင်
 ချီးဗနင်း ပညာတော်သင်ဆုရခဲ့သော မြန်မာနိုင်ငံမှ ကျောင်းသူတစ်ဦး [ဓာတ်ပုံ - UK in Burma]

ရန်ကုန်၊ သြဂုတ် ၃ ရက်။       ။ ယူကေရှိ တက္ကသိုလ်များတွင် ပညာသင်ကြားခွင့် ရရှိမည့် ချီဗနင်းပညာသင်ဆု လျှောက်လွှာများကို သြဂုတ်လ ၆ ရက်နေ့မှ စ၍ လက်ခံနေပြီဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ ထုတ်ပြန်သည်။

လျှောက်လွှာများကို www.chevening.org/apply မှ ရယူနိုင်မည်ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 “ကျွန်တော်တို့က ရည်မှန်းချက်ကြီးတဲ့၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့၊ ရှေ့ကို ကြိုစဉ်းစားတတ်တဲ့ လူတန်းစားမျိုးစုံက ခေါင်းဆောင်တွေကို ရှာဖွေနေတာပါ။ ချီးဗနင်းပညာသင်ဆုရသူ ဆိုတာ အထူးတလည် ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အားလုံးက ရှေ့ခြေတစ်လှမ်းတိုးဖို့ ရဲရင့်တယ်။ ဒါကပညာသင်ဆု ရသူတွေအားလုံးရဲ့တူညီတဲ့အချက်ပဲ။” ဟု မြန်မာနိုင်ငံဆိုင် ဗြိတိသျှသံအမတ်ကြီး ဒန်ချက်က ပြောသည်။
 
ချီးဗနင်းပညာသင်ဆုသည် ဦးဆောင်မှု အလားအလာကို ပြသနိုင်သည့် ပညာရေးနောက်ခံ အားကောင်း သူများအား ချီးမြှင့်နေသည့် ယူကေအစိုးရ၏ နိုင်ငံတကာပညာသင်ဆု အစီအစဉ်လည်း ဖြစ်သည်။
 
ပြီးခဲ့သည့် ၃၅ နှစ်အတွင်း ထူးချွန်ထက်မြက်သူ ၅၀၀၀၀ ခန့်ကို ချီးဗနင်းပညာသင်ဆုဖြင့် ယူကေတွင် တက္ကသိုလ် တက်ရောက်ခွင့် ဖန်တီးပေးခဲ့ပြီး ၂၀၁၉/၂၀၂၀ ပညာသင်နှစ် အတွက် တစ်ကမ္ဘာလုံးတွင် ပညာသင်ဆု ၁၅၀၀ ကျော် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီး ဒန်ချက်က ဆိုသည်။

 ယင်းအပြင် ယခုပညာသင်နှစ်အတွင်း မြန်မာနိုင်ငံမှ ၁၅ ဦးကို ပေးအပ်ခဲ့ပြီး လာမည့် စာသင်နှစ်အတွက် လျှောက်လွှာ ထပ်မံခေါ်ယူနေခြင်းလည်း ဖြစ်သည်။
 
“သေသေချာချာ ပြင်ဆင်ထားတဲ့ ပညာသင်ဆု လျှောက်လွှာဟာ မိတ်ဆွေအတွက် အကျိုးကျေးဇူး များစေမှာ ဖြစ်ပြီး မိတ်ဆွေကိုယ်တိုင်ပဲ ဖြစ်ဖြစ် မိတ်ဆွေသိတဲ့သူပဲ ဖြစ်ဖြစ် ချီးဗနင်းပညာတော်သင် တစ်ယောက်ရဲ့ အရည်အချင်း ပြည့်မီသူဆိုရင် နိုဝင်ဘာလ ၆ ရက်မတိုင်မီ ပညာသင်ဆုလျှောက်ထားဖို့  တိုက်တွန်းပါရစေ” ဟု ဒန်ချက်က ဆက်လက်ပြောကြားသည်။

ချီးဗနင်းပညာသင်ဆုကို ၁၉၈၃ ခုနှစ်က စတင်ခဲ့ပြီး ချီးဗနင်းပညာတော်သင်များသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်မှ ပါဝင်ကာ ၂၀၁၈/၂၀၁၉ ခုနှစ်တွင် ပညာသင်ဆု ၁၆၀၀ ကျော်ကို ချီးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly